
အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာနေလို့ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်နေပြီး နိုင်ငံတွေက သူတို့နိုင်ငံသားတွေကို အသီးသီး ပြန်ခေါ်နေချိန်မှာ ဆလိုဗက်ကီးယားအစိုးရက သူ့နိုင်ငံသား အယောက် ၁၀၀ နဲ့ အိမ်နီးချင်း ချက်နိုင်ငံသား ၃ ယောက်ကို ဂျော်ဒန်နိုင်ငံကနေ ဘေးလွတ်ရာဆီ မတ် ၃ ရက်က ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့က အီရန်အပေါ် စပြီးတိုက်ခိုက်ပြီးတဲ့နောက် ပင်လယ်ကွေ့ဒေသ တလျှောက် လူထောင်ပေါင်းများစွာ ပိတ်မိနေချိန်မှာ ခုလိုပြန်ပို့ပေးခဲ့တာပါ။
စစ်ဘက်ဆိုင်ရာ စပါတန်လေယာဉ်တစင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက Airbus လေယာဉ် တစင်း တို့ဟာ ဂျော်ဒန်နိုင်ငံကနေ ထွက်ခွာပြီးတဲ့နောက် ဆလိုဗက်နိုင်ငံရဲ့မြို့တော် ဘရာတီစလာဗာ လေဆိပ်ဆီ ဆင်းသက်ခဲ့ပါတယ်။
ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးသူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် ချက်နိုင်ငံသား အန်တွန် ကလပ်နစ်ကင်လည်း ပါဝင်ပြီး ဒုံးကျည်တွေ ပျံသန်းနေတယ်ဆိုတဲ့ အတွေးက မတွေးတတ်တဲ့အရာ ဖြစ်နေတယ်လို့ ပြောပါတယ်။
ကာတာနိုင်ငံမှာ လေကြောင်းပိုင်နက်ကို ပိတ်ထားဆဲဖြစ်ကာ ခရီးသည်အယောက် ၈,၀၀၀ သောင်တင်နေခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကတော့ လေယာဉ်ခရီးစဉ် အကန့်အသတ်နဲ့သာ ခွင့်ပြုထားပါတယ်။
Source: Reuters










