DVB Logo
Home
မြန်မာသတင်း
စစ်တွေအနီး ရေတပ်စခန်းကို AA တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံအချို့ တိမ်းရှောင်
DVB
·
March 3, 2026
စစ်တွေအနီး ရေတပ်စခန်းကို AA တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံအချို့ တိမ်းရှောင်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်နေတာ တပတ်ကျော်ကြာမြင့်နေတာကြောင့် ဒေသခံ တချို့  စိုးရိမ်ကြောက်လန့်ပြီး စတင်တိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယအပတ်က စတင်ပြီး စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်း အနီး တဝိုက်နဲ့ တောကန်၊ ကျေးတော၊ ဇော်မဒတ် အနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို မြို့နဲ့နီးကပ်စွာ ကြားလာရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်တွေမြို့အနီးရှိ ရွှေမင်းဂံ ရေတပ်စခန်းနဲ့ ဇော်မဒတ်၊ ကျေးတောကျေးရွာ အနီးတဝိုက် စစ်တပ်စခန်းတချို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် သလို ရေကြောင်းကနေလည်း ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။

စစ်တပ်ဘက်ကလည်း AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို မြေပြင်၊ ရေပြင် လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေပြီး AA စစ်ရေးလှုပ်ရှားနယ်မြေဆိုပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ်က ခမောင်းတော၊ စပါးထား၊ ဝါဘိုနဲ့ ကွမ်းတောင် စတဲ့ကျေးရွာတွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၂ ရက် ညနေ ၅ နာရီ ဝန်းကျင်ကလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကွမ်းတောင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ထိခိုက်သေဆုံးစာရင်းကိုတော့ မသိရ သေးဘူးလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက်က “မနေ့က ညနေ ၅ နာရီ‌လောက်ကလည်း ကွမ်း‌တောင်ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ အသေအပျောက် ထိခိုက်စာရင်း ကိုတော့ မသိသေးဘူး။ အဲဒီမနေ့ကပဲ မနက် ၁၁ နာရီ ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ AA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေ ဒကစထဲမှာ ကျ‌တယ်။ ထွက်ပြေးပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတာပဲ။ ဒါကြောင့် ညနေကျ ကွမ်းတောင်ဘက်ကို အငြိုးနဲ့ပစ်တာပေါ့၊ အပြန်အလှန် ပစ်နေကြတာကတော့ နေ့တိုင်းပစ်နေကြတာပါပဲ။ စစ်ပွဲက စစ်တွေမြို့နဲ့ ပိုနီးကပ်လာတယ်လို့ ပြောရမှာပေါ့။ စစ်တပ်ဘက်ကလည်း အထိအခိုက် အကျအဆုံး များတယ် ပြောရမယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ဘုန်းကြီးတွေပင့်ပြီး သင်္ဂြိုဟ်လိုက်ကြတာမျိုး ရှိတယ်။ ဒါပေမဲ့ အလောင်းရတာက ၆ လောင်းပဲ၊ အလောင်းတွေက ရှာမရဘဲ ပုပ်ပွနေကြတာတွေကတော့ အများကြီးပဲ။ စစ်ပွဲပြင်းထန် နေတာကတော့ ၁၀ ရက်လောက်ရှိပြီ” လို့ ပြောပါတယ်။

အခုလို စစ်ပွဲပြင်းထန်လာတာနဲ့အတူ စစ်တွေမြို့ခံတချို့ကလည်း ဘေးလွတ်ရာ ရန်ကုန်နဲ့ တခြား မြို့နယ်တွေကို ရှောင်တိမ်းမှုတွေလည်း ပိုများလာနေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်တွေမြို့မှာ ခရီးသည်လေယာဉ်ပြေးဆွဲမှုကို တပတ်မှာ ၂ ကြိမ်သာ ခွင့်ပြုထားပြီး လေယာဉ် လက်မှတ်ဈေးက အသွားခရီးတကြောင်းကို ကျပ် ၇ သိန်းဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လာနေပါတယ်။

ဒါကြောင့် လက်ရှိ စစ်တွေမြို့မှာ ခရီးစရိတ်မတတ်နိုင်တဲ့ စစ်တွေမြို့ခံတချို့နဲ့ စစ်ရှောင်တွေသာ ကျန်ရှိနေပြီး စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေနေရဆဲပါလို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

စစ်တွေမြို့ခံတယောက်က “စိုးရိမ်နေရတာကတော့ အမှန်ပါပဲ။ ဘာလို့ဆို တရစပ်ကို ပစ်နေ ကြတာလေ။ နေ့တိုင်းလိုလိုကို ပစ်ခတ်သံ ကြားနေရတာပါ။ လက်နက်ကြီးရော လက်နက်ငယ်ရော အပြန်အလှန် ပစ်နေကြတာပါ။ လေယောဉ်နဲ့လည်း တရစပ်ပစ်နေကြတယ်။ လက်နက်ကြီးသံ ဆက်တိုက်ကြားနေရတာက ၂ လပိုင်း ၁၄၊ ၁၅ ရက်နေ့လောက်ကနေ စကြားနေရတာပါ။ နေ့လယ် နေ့ခင်း ည အချိန်မရွေးကို ကြားနေရတာပါပဲ။ တချို့ဆိုရင် ကြောက်ပြီး စစ်ရှောင်သွားကြတယ်လေ။ ပိုက်ဆံနည်းနည်းတတ်နိုင်တဲ့သူတွေပေါ့နော်၊ ဦးလေးတို့ကျတော့ တကယ်လို့ တိုက်ပွဲ ဖြစ်လာရင်တောင်မှ တခြားနေရာကို စစ်ဘေးရှောင်ဖို့ မတတ်နိုင်ဘူးလေ။ စားဖို့သောက်ဖို့တောင် ခက်ခဲနေတာ၊ လေယာဉ်နဲ့သွားပြီးတော့ တခြားနေရာကို စစ်ရှောင်မယ်ဆိုရင် ဘယ်ပိုက်ဆံနဲ့သွား ရမှာလဲ။ လေယာဉ်စီးမယ်ဆိုတာ အိပ်မက်တောင် မမက်ဘူးတဲ့အရာပါ” လို့ ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် ရခိုင်က မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသေးတဲ့ ၃ မြို့နယ်မှာ စစ်တွေနဲ့ ကျောက်ဖြူ မြို့နယ်တို့ကို တဖြည်းဖြည်း အရှိန်မြှင့် စစ်ဆင်တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013