
ထိုင်းမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးရပ်ကျေးအုပ်ချုပ်ရေးမှူးက ချစ်သူကျောင်းဆရာမကို ဘတ်ငွေ ၁ သန်းကျော်တန်ဖိုးရှိ ရွှေထည်တွေနဲ့အတူ ငွေသား ၂ သိန်းနဲ့ပါ တင်တောင်းပြီး မင်္ဂလာဆောင်ပွဲ အကြီးအကျယ်ကျင်းပခဲ့တဲ့အပေါ် ထိုင်းလူမှုကွန်ရက်မှာ အလွန် ရေပန်းစားနေပါတယ်။
ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန်းမြို့နယ်၊ ဘန့်နောင်ဖတ်ဝမ်ရွာ နယ်မြေ - ၃ ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၄၆ နှစ်ရွယ် နန်းဆောင်ချရိန်းရတ် နုမ်းဒေးမြားဟာ ပြီးခဲ့တဲ့ မတ် ၁ ရက် မနက် ၉ နာရီခွဲက တမြို့တည်းနေ ဘန့်ဟွေ့လိုက်စာသင်ကျောင်းမှ သက်တူရွယ်တူ ကျောင်းဆရာမ ရုန့်နဖား ပွတ်ဆမ်ရန်းကို ထိုင်းရိုးရာဓလေ့ထုံးစံနဲ့အညီ ရွှေကလပ်၊ ငွေကလပ်၊ ပန်းကလပ်တွေ၊ အိုးစည် ဗုံမောင်းတွေနဲ့ စည်တန်းလှည့်လည်ကာ တောင်းရမ်းခဲ့ပါတယ်။
သတို့သမီးဆီရောက်ဖို့ ရွှေဆွဲကြိုး၊ ငွေဆွဲကြိုးတွေနဲ့ တားထားတဲ့ ဂိတ် ၁၀ ဂိတ်ကို ကျော်ဖြတ်ပြီး အခမ်းအနားမှာ သတို့သမီးကို ဘတ် ၁ သန်း ၄ သိန်းတန်ဖိုးရှိ ရွှေထည်လက်ဝတ်လက်စားနဲ့ ရွှေချောင်းတွေအပြင် ငွေသား ဘတ် ၂ သိန်းနဲ့ပါ တင်တောင်းခဲ့ပါတယ်။
အဲဒီမနက်က သံဃာတော်တွေကို မင်္ဂလာဆွမ်းကပ်ပြီး ဧည့်ပရိသတ်တွေကို ထမင်းစားပွဲပေါင်း ၂၀၀ နဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
အခုလို မင်္ဂလာပွဲကြီး ကျင်းပတဲ့အပေါ်မှာ သူကြီးမ နန်းဆောင်ချရိတ်းရတ်က - သူတို့တွေဟာ ယခင်က သူငယ်ချင်းတွေဖြစ်ခဲ့ကြောင်း၊ နောက်တော့ သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်နဲ့ ၁၅ နှစ် တာ တွဲလာကြပြီး တယောက်နဲ့တယောက် စိတ်သဘောထားချင်း အလွန်နားလည်တာကြောင့် တသက်လုံးအတူနေသွားကြဖို့ လူသိရှင်ကြား မင်္ဂလာဆောင်လိုက်တယ်။ အိုအောင်မင်းအောင် ပေါင်းဖက်သွားဖို့ နှစ်ယောက်လုံး သစ္စာပြုထားတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
Source - KhaoSod Thai News










