
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျောင်းဆရာမတယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ဦးမြို့နယ်၊ နွားကြိုးအိုင်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းက အလယ်တန်းပြဆရာမ ဒေါ်မိုးသီတာကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဇွန် ၂၆ ရက်မှာ ဖမ်းခေါ်သွားတာဖြစ်ပြီး ဇွန် ၂၉ ရက်အထိ အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဆရာမကို သူ့အိမ်ထဲမှာ ဖမ်းသွားတာ။ ဆိုင်ကယ်တွေနဲ့လာတဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတာ။ ပြီးခဲ့တဲ့သောကြာနေ့က ဖမ်းခံရတာ။ အလယ်တန်းပြဆရာမ ဟုတ်တယ်၊ အရပ်ဝတ်နဲ့သူတွေလည်း ပါတယ်” လို့ ပြောပါတယ်။
ကျောင်းဆရာမကို လာဖမ်းတဲ့ လက်နက်ကိုင်အဖွဲ့က တချို့က ရွာထိပ်မှာ ကားနဲ့စောင့်နေပြီး ဆရာမကို ဆိုင်ကယ်နဲ့ အိမ်ထဲအထိဝင်ကာ ဖမ်းခေါ်သွားတာဖြစ်ပြီး ဇွန် ၂၉ ရက်အထိ ပြန်မလွတ်လာသေးပါဘူး။
အလယ်တန်းပြဆရာမ အဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးတပ် PDF အဖွဲ့တွေက ဖမ်းသွားတာလို့ စွပ်စွဲ သတင်းဖြန့်နေကြ ပါတယ်။
ညောင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဇွန် ၂၉ ရက်အထိ ကျောင်းဆရာမ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဇွန် ၁၅ ရက်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာ၊ အထက်တန်ကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ အမျိုးသားဖြစ်တဲ့ ကိုဇော်လတ်တို့ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်သတ်ခဲ့ပါတယ်။











