DVB Logo
Home
မြန်မာသတင်း
နယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဂျပန်က ဘတ်သန်း ၉၀ လှူဒါန်း
DVB
·
March 3, 2026
နယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဂျပန်က ဘတ်သန်း ၉၀ လှူဒါန်း
Donate to DVB

မြန်မာနိုင်ငံဘက်က နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် တိုးပွားလာတာကြောင့် ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲက ဒေသန္တရကျန်းမာရေးစနစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှုကို လျှော့ချနိုင်ဖို့ ဂျပန်နိုင်ငံက ဘတ်သန်း ၉၀ ကျော် ပံ့ပိုးကူညီသွားဖို့ ကတိပြုလိုက်တဲ့အကြောင်း Bangkok Posts သတင်းမှာ မတ် ၂ ရက်က ဖော်ပြပါတယ်။

အဆိုပါ ရန်ပုံငွေဆိုင်ရာ သဘောတူညီချက်ကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ 

ဒီရန်ပုံငွေတွေကို တာ့ခ်ခရိုင်ရှိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုတွေ အားကောင်းစေရေးစီမံကိန်းအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆိုဖွန် အီယမ်ဆီရိထာဝန်းက တာ့ခ်ခရိုင်ဟာ လူဦးရေ ရွှေ့ပြောင်းသွားလာမှုနှုန်း မြင့်မားတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် ဖိအားပေးနေတဲ့ ထူးခြားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဂျပန်နိုင်ငံရဲ့ အခုလို ပံ့ပိုးမှုဟာ အသိုက်အဝန်း ဆေးရုံတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးတဲ့အတွက် ယာယီဖြေရှင်းချက်ထက် ပိုမိုထိရောက်တဲ့ လုပ်ဆောင်ချက် ဖြစ်စေပါတယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြီးကြပ်စီမံမယ့် ဒီရန်ပုံငွေတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတွေ၊ တကိုယ်ရေသန့်ရှင်းမှုစနစ်တွေ အဆင့်မြှင့်တင်တာ၊ မရှိမဖြစ် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးတာ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် လေ့ကျင့်ရေးဌာနတခု တည်ထောင်တာ စတာတွေကို အဓိက ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ နေရပ်စွန့်ခွာသူတွေရှိရာ ယာယီခိုလှုံရာစခန်း ၃ ခုကို အဓိကထား ကူညီပေးမဲ့အပြင် ဒေသခံ ထိုင်းလူမျိုးတွေကို ဝန်ဆောင်မှုပေးနေတဲ့ အသိုက်အဝန်း ဆေးရုံတွေကိုလည်း အားဖြည့်ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုတာကာ မာဆာတိုကတော့ ၂၀၂၁ ခုနှစ်က စတင်ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက် တိုးလာတာကြောင့် တာ့ခ်ခရိုင်တွင်း ဆေးရုံတက်လူနာနဲ့ ပြင်ပလူနာအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း၊ လက်ရှိမှာ နယ်စပ်က ကျန်းမာရေးဌာနတွေဟာ ဒေသခံထိုင်းလူမျိုး ၂ သိန်းကျော်အပြင် မြန်မာနိုင်ငံ က နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းကျော်ကိုပါ ဝန်ဆောင်မှုပေးနေရတာကြောင့် ဖိအားတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထိုင်းနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာ အိုင်းလန်လီကတော့ နိုင်ငံတွင်း အခြေခံအဆောက်အအုံတွ ကောင်းမွန်လာစေဖို့နဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ ရရှိနိုင်စေဖို့အတွက် အစိုးရအနေနဲ့ ဒေသတွင်းသက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်ရဲ့ အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ USAID အထောက်အပံ့ ၈၃ ရာခိုင်နှုန်းကို ရပ်ဆိုင်းလိုက်ရာမှာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မြန်မာဘက်က ဒုက္ခသည် ၁ သိန်းကျော်ကို နှစ်ပေါင်း ၃၀ ကျော် ၄၀ ကြာစောင့်ရှောက်လာခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ အထောက်အပံ့မဲ့၊ စခန်းတွင်း ဆေးရုံတွေ ပိတ်ပစ်ရတာတွေ၊ စားနပ်ရိက္ခာ လက်ကျန်ပြတ်လပ်လု အနေအထားတွေအထိ ရင်ဆိုင်ခဲ့ရတာပါ။

ဒီအခြေအနေကြောင့် ထိုင်းနိုင်ငံ ယာယီခိုလှုံရာစခန်းတွေထဲက နေရပ်စွန့်ခွာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) အတွက် ရန်ပုံငွေတွေကိုလည်း တစိတ်တပိုင်း ရပ်ဆိုင်းခဲ့ရသလို သက်တမ်းတိုးခြင်း မပြုလုပ်ပါက ထောက်ပံ့မှုအားလုံးဟာ အခုနှစ် မတ် ၃၁ ရက် မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ခရိုင် ၄ ခုမှာတော့ နေရပ်စွန့်ခွာသူတွေအတွက် ယာယီခိုလှုံရာ စခန်း ၇ ခု ရှိပြီး အဲဒီထဲမှာ ထဆောင်ယန်းခရိုင်ထဲက မယ်လဒုက္ခသည်စခန်းက အကြီးဆုံးစခန်းဖြစ်ကာ စခန်းတွေထဲ စုစုပေါင်း ဒုက္ခသည် ၈၁,၃၆၃ ယောက် နီးပါးရှိပြီး တာ့ခ်ခရိုင်မှာ ၄၈,၆၂၆ ယောက်နဲ့ အများဆုံး လက်ခံထားတယ်လို့ သိရပါတယ်။

ဒါ့ပေမဲ့ တာ့ခ်ခရိုင်ထဲမှာ စခန်းတွေအတွင်းရှိသူတွေအပြင် ထိုင်းနိုင်ငံသား မဟုတ်သူ အများအပြားလည်း နေထိုင်ကြသလို ခရိုင်အတွင်း နိုင်ငံခြားသား ၄၂၆,၇၂၅ ယောက်လောက်  နေထိုင်နေပြီး ဒါက တာ့ခ်ခရိုင် စုစုပေါင်းလူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းနီးပါး ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဂျပန်က ဘတ်သန်း ၉၀ လှူဒါန်း