
မင်းကင်း ပအဖ တာဝန်ခံဟောင်း ဒေါက်တာ ဒေါ်ခင်သူသူလွင် ဖမ်းဆီးခံထားရတာ ၁၀ လတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တရားမျှတမှုအတွက် အမျိုးသမီးအဖွဲ့အစည်းတွေ၊ စစ်ကိုင်းတိုင်းထဲက အဖွဲ့အစည်းတွေနဲ့ မင်းကင်းမြို့နယ်က ပြည်သူ အယောက် ၁,၀၀၀ ကျော်က NUG အစိုးရဆီကို တောင်းဆိုထားကြပါတယ်။
မင်းကင်း ပအဖ တာဝန်ခံဟောင်း ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ဖမ်းဆီးထားတာ ၁၀ လဝန်းကျင် ရှိလာပေမဲ့ အမှုအခြေအနေ ထူးခြားလာတာမရှိဘဲ အချုပ်ထဲမှာပဲ ဆက်လက် ထိန်းသိမ်းထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုကြပြီး အခုရက်ပိုင်းမှာပဲ သူ့အတွက် တောင်းဆိုမှုတွေ ထပ်ရှိလာပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က သင်တောရွာမှာရှိတဲ့ သူံ့ရဲ့ဆေးခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက ငှားရမ်းခဲ့တဲ့ လက်နက်ကိစ္စနဲ့ အခွန်ငွေ ကျပ်သိန်း ၃,၃၀၀ ကျော် အလွဲသုံးစားမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆\၄၀၉ နဲ့ တရားစွဲခံထားရတာပါ။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်မှာ ကျန်းမာရေး ထိခိုက်ခံစားနေရတဲ့ အတွက် မိသားစုဝင်တွေနဲ့ သူနဲ့ နီးစပ်သူတွေက ဒီအမှုကို လူ့အခွင့်အရေးနဲ့အညီ အမြန်ဆုံး စစ်ဆေးပေးဖို့ တောင်းဆိုနေကြပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “စစ်ဆေးအရေးယူမှုမရှိဘဲ ယနေ့အချိန်အထိ ၁၀ လကျော် ထိန်းထားတာကို အမြန်ဆုံး စစ်ဆေးဆောင်ရွက်ပေးဖို့ တောင်းဆိုရခြင်းလည်း ဖြစ်ပါတယ်။ ဆရာမကြီးအနေနဲ့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမှန်တိုင်း ဖြေရှင်းခွင့် ရစေချင်တယ်။ အမြန်ဆုံး စစ်ဆေး အကောင်အထည်ဖော် သက်သေပြစေချင်တယ်။ ပြစ်မှုထင်ရှားမှုမရှိဘဲ အချိန်အကြာကြီး လူတယောက်ကို ဖမ်းဆီးထားတာက လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ဆုံးရှုံးတယ်လို့လည်း မြင်ပါတယ်။ တော်လှန်ရေးအတွက် ဆေးရုံအုပ်တယောက်ဟာ ဘဝကိုစွန့်ပြီး NUG အစိုးရကို ယုံကြည်လို့ နိုင်ရာတာဝန်ကို ထမ်းခဲ့တဲ့ CDM ဆေးရုံအုပ်တယောက်ကို အခုချိန်ထိ စစ်ဆေးမှုမလုပ်ဘဲ အချိန်အကြာကြီး ဖမ်းဆီးထားတာက တော်လှန်ရေးအတွက် အလွန်ရုပ်ဆိုးစေတယ်လို့လည်း မြင်ပါတယ်ရှင်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ရေဦးမြို့နယ်မှာ ထိန်းသိမ်းထားပြီး ရေဦးမြို့နယ် တရားရေးဌာနက အမှုကို တာဝန်ယူ စစ်ဆေးနေတယ် ဆိုပေမဲ့ ဖမ်းဆီးထားတဲ့ ၁၀ လအတွင်း နှစ်ကြိမ်သာ ရုံးထုတ်စစ်ဆေးရသေးတယ်လို့ ဆိုပါတယ်။
စစ်ဆေးမှုကလည်း မပြီးပြတ်သေးဘဲ ဒေါ်ခင်သူသူလွင်က သူ့အား စွပ်စွဲထားတဲ့ အမှုတွေကို အထောက်အထားတွေနဲ့ ပြန်လည်ချေပဖို့ အဆင်သင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တာဝန်ရှိသူတွေဘက်က ချေပခွင့်ရအောင် ဆောင်ရွက်မပေးဘူးလို့ ဆိုပါတယ်။
CDM ဆရာဝန်တယောက်ရဲ့ အမှုကို ကြာရှည်စွာ မစွဲထားဘဲ အမြန်ဆုံး စီရင်ချက်ချပြီး အပြစ်ရှိရင်လည်း အရေးယူမှုဆောင်ရွက်တာ၊ အပြစ်မရှိရင်လည်း အမြန်ဆုံး လွှတ်ပေးတာမျိုး လိုချင်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်ခင်သူသူလွင်ကို ပြန်လွှတ်ပေးဖို့ စစ်ကိုင်းတိုင်းက အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အမျိုးသမီး အယောက် ၆၀ နီးပါးနဲ့ မင်းကင်းမြို့နယ်က ပြည်သူ ၁,၀၀၀ က စက်တင်ဘာ ၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီကို စာပေးပို့ တောင်းဆိုခဲ့ကြပါတယ်။
မော်လိုက်ခရိုင် လူသားစာနာတာဝန်ခံက “ဆရာမကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ဖမ်းဆီးထားတဲ့ ကိစ္စကို အမှုမှန်ပေါ်ပေါက်ဖို့ အမြန်ဆုံး စစ်ဆေးပေးဖို့ အမျိုးသမီးထုကနေပြီးတော့ သမ္မတကြီးအထိ စာတင်ပြီးတော့ တောင်းဆိုထားပါတယ်။ သူ ကျူးလွန်ထားတဲ့ ပြစ်မှု ရှိခဲ့တယ် ဆိုရင်တောင် ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် တရားစီရင်ပြီးတော့မှ ပြစ်မှု ကျူးလွန်ထားတာ မရှိဘူးဆိုရင်လည်း မြန်မြန်လွတ်မြောက်စေချင်တယ်။ အခုလိုမျိုး အချုပ်ခန်းထဲမှာ တော်လှန်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်ခဲ့ရတဲ့ CDM ဆရာဝန်တဦးက စိတ်ပိုင်း၊ ကိုယ်ပိုင်း ကျန်းမာရေး ထိခိုက်ပြီးတော့မှ မြန်ဆန်ထိရောက်မှုမရှိတဲ့ တရားစီရင်ရေးစနစ်တခုရဲ့အောက်မှာ ကြန့်ကြာနေတဲ့ ကိစ္စကိုတော့ ကျမတို့ လုံးဝလက်မခံနိုင်ပါဘူး” လို့ ပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ အာဏာမသိမ်းခင်က မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ CDM ပြုလုပ်ကာ တော်လှန်ရေးနယ်မြေအတွင်း ဆေးကုသမှုလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့သူ ဖြစ်ပါတယ်။











