DVB Logo
Home
မြန်မာသတင်း
မင်းကင်း ပအဖနှင့်ပကဖ တာဝန်ခံတို့ကို ကျပ် သိန်းပေါင်း ၂ သိန်းခန့် ငွေအလွဲသုံးစားမှုဖြင့် တိုင်ကြား
DVB
·
August 24, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ၂ ယောက်ကို ငွေကျပ် သိန်းပေါင်း ၂ သိန်းနီးပါး အလွဲသုံးစားမှုနဲ့ NUG တပ်ရင်း ၄ ခုက တိုင်ကြားထားတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မင်းကင်းမြို့နယ် ပကဖ တာဝန်ခံ ကိုညိုလွင်နဲ့ ပအဖ တာဝန်ခံ ကိုဝင်းမင်းစိုး တို့ ၂ ယောက်ကို NUG လက်အောက်ခံ တပ်ရင်း ၄ ခုက ဇူလိုင် ၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကို လိပ်မူပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မြို့နယ် ပကဖတာဝန်ခံဟာ ၂၀၂၄-၂၀၂၅ ရွှေမျောလုပ်ငန်းရှင်တွေဆီက ကောက်ခံရရှိတဲ့ ငွေကျပ် သိန်းပေါင်း ၆၅,၀၀၀ ကျော် ၂၀၂၅ ခုနှစ်မှာ ပအဖ ဖြတ်သန်းခွန်က သိန်းပေါင်း ၅,၀၀၀ ကျော် ချေးယူသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်မှာ ပအဖ အခွန်ငွေမှ သိန်းပေါင်း ၂၀,၀၀၀ ကျော် ချေးယူသုံးစွဲတာ၊ ၂၀၂၆ ခုနှစ် လောင်းပြည့် ရွှေမျောလုပ်ငန်းရှင်ကနေ စစ်အောင်နိုင်ရေး ရန်ပုံငွေ သိန်းပေါင်း ၄၀,၀၀၀  ကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဧပြီကစပြီး ၂၀၂၅ ခုနှစ် ဇွန်လဝက်အထိ လောင်းပြည့် ရွှေမျောလုပ်ငန်းရှင်တွေကို လုပ်ငန်းရှင် (အင်းပိုင်)ဆီက အာဏာအလွဲသုံးစား လက်လွှဲယူပြီး လုပ်ငန်းရှင်(အင်းပိုင်) အဖြစ် လုပ်ကိုင်ခဲ့တဲ့အတွက် ကျပ်သိန်‌ပေါင်း သောင်းချီ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြို့နယ် ပအဖတာဝန်ခံကလည်း ပကဖတာဝန်ခံနဲ့ အတူ ပူးပေါင်းပြီး မြို့နယ်တွင်းမှာ ၂၀၂၄-၂၀၂၅ ရွှေမျောလုပ်ငန်းရှင်တွေဆီက ကောက်ခံရရှိခဲ့တဲ့ အခွန်/ဒဏ်ကြေးငွေ သိန်းပေါင်း ၅၀,၀၀၀ ကျော်မှ ၂၀,၀၀၀ ကျော်သာ အခွန်ပေးသွင်းခဲ့ပြီး ကျန်ငွေ သိန်းပေါင်း ၃၀,၀၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၅-၂၀၂၆ မြောက်ချွန်းလုပ်ငန်းရှင်ထံမှ ပြည်ထောင်စု သတ်မှတ်ထားတဲ့ ငွေကြေးထက် တတောင်လျှင် ကျပ်သိန်း ၂၀ နှုန်း ပိုမိုကောက်ခံခဲ့ပြီး ရရှိခဲ့တဲ့ ပိုငွေ သိန်း ၁,၆၀၀ ကျော် (တလလျှင်) ၄ လစာကို သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ဝင်တွေနဲ့အတူ ခွဲဝေသုံးစွဲခဲ့တာ၊ လောင်းပြည့်ရွှေမျောလုပ်ငန်းရှင်အတွက် လောင်းပြည့်ရွာခံတွေကို လုပ်ငန်းရှင်က ပေးတဲ့ နစ်နာကြေးငွေတွေထဲက သိန်း ၃,၀၀၀ ကို ပအဖတာဝန်ခံက အာဏာသုံးပြီး ယူဆောင်သုံးစွဲခဲ့တာ၊ ၂၀၂၅ မတ်လမှာ မီးဘေးသင့်ပြည်သူတွေအတွက် မှော်ပိုင်တွေဆီက လှူဒါန်းငွေ သိန်း ၁,၀၀၀ ကို ပအဖတာဝန်ခံက အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်းနဲ့ နီးစပ်သူတယောက်က “ရေဂိတ်တွေမှာဆိုရင်လည်း အမြန်ရေယာဉ်၊ ကုန်တင်ယာဉ် အမျိုးအစားလိုက်ပြီးတော့ ကျပ် သိန်း ၆၀ ကနေ ၁၀၀ အကြားကောက်တာ၊ အဲ့ဒီဂိတ်တွေ ဖြတ်ပြီးတော့ မြို့နယ်တွင်းမှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်နေတာပေါ့ဗျာ၊ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်ရင်းတွေက ကလေးခရိုင် ကွပ်ကဲရေးကို တိုင်ခဲ့တာပါ။ ​တော်လှန်း​ရေ အတွက် ငွေ​ကြေး​တွေ ကိုယ်ကျိုးသုံးစွဲထားတာ​တွေကို အမှန်တိုင်း ​ပေါ်​စေချင်တယ်၊ အ​ရေးယူတာ​တော့ အ​ပေါ်က လူကြီး​တွေအပိုင်း​ပေါ့ “ လို့ ပြောပါတယ်။

အခုတိုင်ကြားခံရတဲ့ ပကဖ တာဝန်ခံ ကိုညိုလွင် နဲ့ ပအဖ တာဝန်ခံ ကိုဝင်းမင်းစိုး တို့ ၂ ယောက်ကို တာဝန်က ရပ်ဆိုင်းပေးဖို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက ဒေသခံပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013