
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် မြောက်ချွန်းရွာကို စစ်တပ်က အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မြောက်ချွန်းရွာကို လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
“မုံရွာ နမခဘက်က နေ တက်လာတဲ့ ဂျိုင်ရို ကော်ပတာ ၂ စင်းက ဗုံးကြဲချသွားတာ။ အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးပေါ့ဗျာ။ အဲဒီထဲက အသက်အန္တရာယ်အတွက် စိုးရိမ်ရသူ ၃ ဦးလည်း ပါတယ်ဗျ။”
မြောက်ချွန်းရွာဟာ မင်းကင်းမြို့နယ်ရဲ့ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး အိမ်ခြေ ၁၀၀ ခန့်ရှိပါတယ်။
စစ်တပ်က ဗုံးသီး ၂ လုံး ကြဲချခဲ့တာကြောင့် ကိုမိုးသူ၊ ကိုမောင်ကြိုင်၊ ကိုဆန်းမင်းဦး၊ ကိုနောင်၊ ကိုလမင်းသန့်၊ မသော်တာဖိုးဖြူ၊ ကိုဇင်မင်းသန့်၊ မပပ တို့ ဒဏ်ရာရခဲ့တယ်လို့ မင်းကင်း ပအဖတာဝန်ရှိသူ ဦးဝင်းမင်းစိုးက ပြောပါတယ်။
“လာကြဲချတာ အရပ်သားပစ်မှတ်တွေ ကျူးလွန်တာက လူသားမဆန်တဲ့ လုပ်ရပ်ပဲဗျ။ ကျနော့်အထင်တော့ ART 72 ကင်းပတ်ပြီး လူစည်နေတာနဲ့ ဗုံးကြဲပြီး ပြည်သူကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာပါ။”
စစ်တပ်က ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ လူစည်ကားရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက စလွန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။











