
မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခံထားရတာ ၅ လကျော် ကြာပြီဖြစ်ပြီး သူ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတဲ့ ဒေသက ပြည်သူတွေကတော့ ပြန်လွှတ်ပေးဖို့ လိုလားနေကြပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို နိုဝင်ဘာ ၃၀ ရက်က သင်တောရွာမှာရှိတဲ့ သူ့ရဲ့ဆေးခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတာ ၅ လကျော် ရှိလာပြီဖြစ်ပေမဲ့ သူ့ရဲ့ အမှုကို စစ်ဆေးနေဆဲဖြစ်လို့ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက ငှားရမ်းခဲ့တဲ့ လက်နက်ကိစ္စနဲ့ အခွန်ငွေ ကျပ်သိန်း ၃,၃၀၀ ကျော် အလွဲသုံးစားမှု စတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံထားရတာပါ။ ဒါပေမဲ့ အမှုစစ်ဆေးမှုတွေ ကြန့်ကြာနေတဲ့အပေါ် မိသားစုနဲ့ နီးစပ်သူက ဝေဖန်ပြောပါတယ်။
“သူတို့ပြောတဲ့ သိန်းပေါင်း ၃,၃၀၀ အလွဲသုံးစားမှုရော၊ အာမခံမရတဲ့ သေနတ်ကိစ္စရော အဲဒါတွေ အကုန်လုံးက သက်သေတွေ ရှိတယ်။ သက်သေတွေရှိပြီးတော့ ဆရာမကြီးကို ရုံးမထုတ်တာ ဖြစ်နေတာ အမှုကို ထုတ်ကိုမထုတ်ဘူး။ သူတို့အချင်းချင်း သူတို့ဟာသူတို့ လုပ်နေကြတာ။ ဆရာမကြီးက သူ မှားတယ်ဆိုရင်လည်း ဖော်ထုတ်လိုက် တရားဝင်ဖော်ထုတ်ပြီးတော့ သူ မှားတယ်ဆိုရင်လည်း သူ့ကို ထောင်ချမှာလား၊ ဘယ်လိုလုပ်မှာလဲ ပြစ်ဒဏ်ပေးပေါ့နော၊ အခုဟာက အမှုကို မစစ်ဘဲနဲ့ကို ဒီတိုင်းထားထားတာ။”
လက်ရှိမှာ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ရေဦးမြို့နယ်မှာ ထိန်းသိမ်းထားပြီး ရေဦးမြို့နယ် တရားရေးဌာနက အမှုကို တာဝန်ယူ စစ်ဆေးနေပါတယ်။
မိသားစုနဲ့ နီးစပ်သူတွေကတော့ သူ့ကို လူချင်းတွေ့ခွင့်မရဘူးလို့ ဆိုပေမဲ့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကတော့ ဆက်သွယ်ခွင့် ကန့်သတ်မထားဘူးလို့ ပြောပါတယ်။
“ပထမအကြိမ် ရုံးချိန်းခေါ်ပြီးပြီးလို့ သိရပါတယ်ဗျ။ တိုင်ထားတဲ့အမှုနဲ့ လုပ်ငန်းကိစ္စတွေက ပကဖ ပလဖတွေပဲ သိတာပါ၊ ကျနော့်အနေနဲ့ အသေးစိတ်မသိပါဘူး။ ဖုန်းလည်း သုံးတာ တွေ့ပါတယ်၊ ရေဦးမြို့နယ်ထဲမှာပဲ လုံခြုံစိတ်ချတဲ့နေရာမှာ ရှိပါတယ်။ ရဲမေတွေနဲ့ အတူထားပေးပါတယ်ဗျ၊ ရေဦးနဲ့လည်း ကျနော်တို့ အဆက်အသွယ်ရပါတယ်။ အဲဒီလို ကန့်သတ်တာတွေ ရှိတယ်လို့ မကြားမိပါဘူး။”
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ အုပ်ချုပ်ရေးတာဝန်ကနေ အနားယူပြီးနောက် သင်တောကျေးရွာမှာ ဆေးခန်းဖွင့်လှစ်ပြီး မင်းကင်းနဲ့ ကနီမြို့နယ်က ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခွဲစိတ်ကုသမှုတွေ အခမဲ့ လုပ်ဆောင်ပေးနေတာပါ။
ဒီဆေးခန်းဟာ လူနာတွေကို ထမင်းပါ ကျွေးမွေးတာကြောင့် ဒေသခံတွေအတွက် အဓိက အားကိုးရာဖြစ်နေပြီး ဆရာမကြီး ပြန်လည်လွတ်မြောက်လာဖို့ကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
“လွတ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါဗျာ၊ ရွာကပြည်သူတွေရော တခြားရွာကဟာတွေရော မင်းကင်းတမြို့နယ်လုံးပါ၊ တော်တော်များများဟာက အဓိက မွေးလူနာတွေ လူကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့ဟာတွေကို သူမှဘဲ သူရှိတော့ ဒီနားမှာ နီးနီးပေါ့ဗျာ၊ ကုန်ကျစရိတ်လည်း သက်သာတယ် ထမင်းလည်း ကျွေးတယ် သူက။ ဆေးကုစရိတ်ကျတော့လည်း အလကားဗျ ပိုက်ဆံမပေးရဘူးဗျ၊ တမြို့နယ်လုံးပါဗျာ ရေဦးအထက်ပိုင်းကဟာတွေရော တော်တော်များများ လာတယ်ဗျ။ အဲဒါကတော့ဗျာ မနက်ဖြန်တောင် လွတ်စေချင်ပါသေးတယ်။”
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ အာဏာမသိမ်းခင်က မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ CDM ပြုလုပ်ကာ တော်လှန်ရေးနယ်မြေအတွင်း ဆေးကုသမှုလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေခဲ့သူ ဖြစ်ပါတယ်။
သီရိ











