
MNDAA ကိုးကန့်တပ် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လင်မယား နှစ်ယောက်ဟာ တခြား ဆရာ၊ ဆရာမတွေဆီကနေ ငွေတွေလိမ်ပြီး စစ်အာဏာရှင်ထိန်းချုပ်ရာ ဒေသကို တိမ်းရှောင်သွားတာကြောင့် အချက်အလက်တွေ ပေါက်ကြားသွားမှာကို CDM ကျောင်းဆရာ၊ ဆရာမတွေ စိုးရိမ်နေကြပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က လက်ရှိထိန်းချုပ်ထားတဲ့ မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က MNDAA ကိုးကန့်တပ် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ကြနေတဲ့ CDM ကျောင်းဆရာ၊ ဆရာမ တချို့ဆီကနေ မြန်မာငွေကျပ်သိန်း ၈၀၀ ဝန်းကျင်ကို လင်မယားနှစ်ယောက်က လိမ်လည်ပြီး အာဏာစစ်တပ် ထိန်းချုပ်တဲ့ မူဆယ်မြို့ဘက်ကို နိုဝင်ဘာ ၇ ရက်နေ့က ထွက်ပြေးသွားပါတယ်။
အဲဒီလို ငွေလိမ်ပြီး စစ်တပ်ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်သွားတဲ့ ဦးထိန်လင်းဦးနဲ့ ဒေါ်နှင်းဝေဝေလွင်တို့ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်းထမ်းအဖြစ် MNDAA ကိုးကန့်တပ်ကဖွင့်လှစ်တဲ့ စာသင်ကျောင်းမှာ ဆရာ၊ ဆရာမအဖြစ် တာဝန်ထမ်းဆောင် ခဲ့တာကြောင့် ကိုးကန့်နယ်မြေမှာ အခုလက်ရှိနေထိုင်နေတဲ့ CDM ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းတွေ အာဏာသိမ်းစစ်တပ်ဆီ ပေါက်ကြားမှာကို CDM ကျောင်းဆရာ၊ ဆရာမတွေ စိုးရိမ် နေကြတာပါ။
ကိုးကန့်တပ်အောက်ကကျောင်းမှာ တာဝန်ထမ်းဆောင်နေသူတယောက်က “ပိုက်ဆံလိမ်သွားတဲ့ လင်မယားက အခု မူဆယ်ထဲပဲ ဆက်ရှိနေလား။ တရုတ်ပြည်ထဲပဲ ဝင်သွားလားဆိုတာ မသိရဘူး။ သူတို့က ဒီမှာလည်း ဝင်လုပ်ခဲ့တာဆိုတော့ ငွေလိမ်တာက တကြောင်း၊ CDM တွေရဲ့ အချက်အလက်တွေပေါက်ကြားမှာကလည်း တကြောင်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
အခုဖြစ်စဉ်မှာ ငွေကြေးလိမ်လည်တိမ်းရှောင်သွားတဲ့ အမျိုးသားဟာ MNDAA ကိုးကန့်တပ်က ဖွင့်လှစ်ထားတဲ့ မော်တောင်း အ.လ.က ကျောင်းမှာ ၂၀၂၅ ခုနှစ်တုန်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ဇနီးဖြစ်သူကတော့ မိုင်းယု အ.ထ.ကမှာ တာဝန်ထမ်းဆောင်နေတာပါ။
အဲဒီကာလအတွင်း အမျိုးသားဟာ CDM မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ကနေ ထွက်ပြေးလာတဲ့ တပ်ပြေးတယောက်ဖြစ်ကြောင်း ပေါ်ပေါက်လာတာကြောင့် ကိုးကန့်တပ်ရဲ့ မြန်မာပညာရေး ကော်မတီက ထုတ်ပယ်ထားသူဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ကိုးကန့်တပ်အောက်ကကျောင်းမှာ တာဝန်ထမ်းဆောင်နေသူတယောက်က “သူ့မိန်းမ နှင်းဝေဝေလွင် ပြောတာက နောင်ချိုတောင်းခမ်းတိုက်ပွဲကနေ ပြေးလာတယ်ပြောတယ်။ အဲဒါကို သိသွားလို့ စစ်ပြေး ထိန်လင်းဦးကို အလုပ်ထုတ်လိုက်တယ်။ သူ့မိန်းမကိုတော့ ဆက်ခန့်ထားတယ်” လို့ ပြောပါတယ်။
ဒီကစ္စနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ MNDAA ကိုးကန့်တပ်ရဲ့ မြန်မာပညာရေး ကော်မတီဝင် တယောက်ဆီကို နိုဝင်ဘာ ၁၂ ရက်နေ့က ဆက်သွယ်ပြီး စာပို့မေးမြန်းထားပေမဲ့ လက်ရှိအချိန်အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
မူဆယ်မြို့နယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်ညီနောင် ဖြစ်တဲ့ MNDAA ကိုးကန့်တပ်၊ AA အာရက္ခတပ်၊ TNLA တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီး အခုလက်ရှိ ထိန်းချုပ်ထားပါတယ်။











