
စစ်အာဏာရှင်လက်အောက်မှာ လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းတွေ အနေနဲ့ ဇိုမီးအမျိုးသားပါတီကနေတဆင့် လျှောက်ထားနိုင်တယ်လို့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်လက်အောက်ခံအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ ဆွေးနွေးပွဲမှာ ဇိုမီးပါတီ တက်ရောက်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲအပြီးမှာ စစ်အာဏာရှင်တာ၀န်ခံတွေနဲ့ ပါတီတာ၀န်ရှိသူတို့ ဆွေးနွေးရာမှာ CDM ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရေး သဘောတူညီချက်ရရှိခဲ့တာလို့ ZNP က ထုတ်ပြန်ပါတယ်။
CDM လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အရင်တုန်းက အခြေအနေတွေကြောင့် တချို့ဟာ ကြောက်ရွံ့မှု၊ ရှက်ရွံ့မှုတွေကြောင့် ဝင်ရောက်ခဲ့ကြသူတွေရှိကြောင်း၊ နှစ်ပေါင်းများစွာ ရင်းနှီးထားရတဲ့ ဝန်ထမ်း ရာထူးတွေကို ဒီအတိုင်းပစ်ထားရင် လူ့စွမ်းအားအရင်းအမြစ်တွေ မလိုအပ်ဘဲ ဆုံးရှုံးရမှာ ဖြစ်တာကြောင့် လုပ်ငန်းခွင် ပြန်ဝင်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ NSPNC ကို တင်ပြခဲ့တာလို့ ZNP ဘက်က ပြောပါတယ်။
လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ်ရေးအချက်အလက် ပုံစံတွေကို ဖြည့်စွက်ပြီး လာမဲ့နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပါတီတာဝန်ရှိသူတွေရဲ့ Viber နဲ့ အီးမေးလ်တို့ကနေတဆင့် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
ဇိုမီးအမျိုးသားပါတီဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အာဏာရှင်က ဦးစီးကျင်းပခဲ့တဲ့ အပိုင်းလိုက် ပါတီစုံရွေးကောက်ပွဲတုမှာ ယှဉ်ပြိုင်ရာ အမျိုးသားလွှတ်တော်နေရာ ၃ ယောက်၊ ချင်းပြည်နယ်လွှတ်တော်နေရာမှာ ၄ ယောက် စုစုပေါင်း နေရာ ၇ နေရာ အနိုင်ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ်မှာ လက်လွှတ်ခံရတဲ့မြို့တွေ ပြန်သိမ်းနိုင်ဖို့ စစ်မှုထမ်းတပ်သားတွေ အပါအဝင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ဆင်နွှဲနေပြီး လေကြောင်းကနေလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာကြောင့် ချင်းပြည်သူ့ အများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်











