
အရှေ့အလယ်ပိုင်းက ဆော်ဒီနဲ့ ကာတာအပါအဝင်နိုင်ငံနဲ့ ဒေသ ၁၅ ခုလောက်မှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ ချက်ချင်းထွက်ခွာကြဖို့ မတ် ၂ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး လိုက်ပါတယ်။
ဘာရိန်း၊ အီဂျစ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ အနောက်ဘက်ကမ်းနဲ့ ဂါဇာ၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ယူအေအီးနဲ့ ယီမင်နိုင်ငံတို့မှာ ရှိနေသူ တွေအနေနဲ့ “ဆိုးရွားတဲ့ လုံခြုံရေးအန္တရာယ်တွေကြောင့် အခုချက်ချင်း ထွက်ခွာသင့်တယ်” လို့ တိုက်တွန်းထားတာပါ။
ဒီပဋိပက္ခဟာ ၄ ပတ်ကနေ ၅ ပတ်လောက်အထိ ကြာနိုင်ပြီး ဒီထက်လည်း ပိုရှည်ကြာ သွားနိုင်တယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၂ ရက်မှာ ပြောပါတယ်။
ဂျော်ဒန်နိုင်ငံ အမ္မန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဝန်ထမ်းတွေလည်း ခြိမ်းခြောက်မှုတွေကြောင့် ကြိုတင်ထွက်ခွာသွားကြပြီလို့ သိရပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က အမေရိကန်သံရုံးကိုလည်း မတ် ၃ ရက် အစောပိုင်းမှာ ဒရုန်း ၂ စင်း ထိမှန်ခဲ့ပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံတချို့ မီးလောင်ပျက်စီးခဲ့ပေမဲ့ မနက်စောစော လူမရှိချိန် ဖြစ်လို့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆော်ဒီမီဒီယာတွေက ဖော်ပြထားပါတယ်။
Source:Reuters











