
အီတလီကမ္ဘာကျော် ဇိမ်ခံအမှတ်တံဆိပ် ဒိုချေအန်ဂတ်ဘန်နာ (Dolce & Gabbana) ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျင်းပတဲ့ မီလန်ဖက်ရှင်သီတင်းပတ်မှာ လုံးဝနီးပါး အနက်ရောင်စုစည်းမှုကို မိတ်ဆက်ခဲ့ပါတယ်။
“Identity” လို့ နာမည်ပေးထားတဲ့ ဖက်ရှင်ပြပွဲမှာ ကြယ်သီးတပ်ထားတဲ့ ရှေ့ပိုင်းတွေကို ပုံတူကူးယူထားတဲ့ နောက်ကျောတွေပါတဲ့ ကုတ်အင်္ကျီတွေ၊ ဂျာကင်အင်္ကျီတွေနဲ့ ပွဲကို ဖွင့်လှစ်ခဲ့ပါတယ်။
အီတလီဒီဇိုင်နာ ဒိုမီနီကိုဒိုချေနဲ့ စတက်ဖန်နို ဂတ်ဘာနာတို့ဟာ မော်ဒယ်လ်တွေကို တိုင်းချုပ်ထားတဲ့ ဝတ်စုံတွေ၊ ဖောက်ထွင်းမြင်ရတဲ့ အနက်ရောင်ဇာဝတ်စုံတွေကို ဇာပါးဖိနပ်နိမ့်တွေ၊ ဒေါက်မြင့်ဖိနပ်တွေနဲ့ တွဲဖက် ဆင်ယင်ပေးခဲ့ပါတယ်။
မကြာသေးမီက ရေမွှေးအသစ် ၂ မျိုးအတွက် အမှတ်တံဆိပ်ရဲ့ ကြော်ငြာလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ပေါ့ပ်စူပါစတား မက်ဒေါနားက ရှေ့ဆုံးတန်းကနေ ဒီပွဲကို ကြည့်ရှုခဲ့ပါတယ်။
အဆင့်မြင့်ကုန်ပစ္စည်းတွေအတွက် ဝယ်လိုအား လျော့ကျသွားပေမဲ့ ဒိုချေအန်ဂတ်ဘန်နာ အမှတ်တံဆိပ် ဖက်ရှင်အိမ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဆောင်ကြဉ်းလာခဲ့တဲ့ အလှအပဌာနအတွက် သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။
“အမှတ်လက္ခဏာဆိုတာ အဆုံးစွန်သော ဇိမ်ခံမှုပါ။ ရှင်သန်နေဆဲ မျိုးရိုးဇာစ်မြစ်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ဘာသာစကားတခုပါ။ စစ္စလီက စိတ်ခံစားမှု၊ အနက်ရောင်က ခွန်အား၊ ဇာက ရင်းနှီးမှု၊ ချုပ်လုပ်မှုက အာဏာ” လို့ ရှိုးပွဲရဲ့ မှတ်စုတွေမှာ ရေးသားခဲ့ပါတယ်။
Source: Reuters










