အီတလီနိုင်ငံ မီလန်မြို့ရဲ့ အထင်ကရ ဆန်ဆီးရိုဘောလုံးကွင်းဟာ စက်တင်ဘာ ၁၉ ရက်မှာ တည်ဆောက် ဖွင့်လှစ်ခဲ့တာ နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဆန်ဆီးရိုဘောလုံးကွင်းကြီးဟာ အေစီမီလန်နဲ့ အင်တာမီလန်အသင်းတို့ရဲ့ အိမ်ကွင်းဖြစ်ပြီး ဘောလုံးသမိုင်းဝင်ပွဲတွေ၊ နိုင်ငံတကာဂီတဖျော်ဖြေပွဲတွေကိုလည်း လက်ခံကျင်းပခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာလည်း မီလာနို-ကော်ရ်တီးနား ဆောင်းရာသီအိုလံပစ် အဖွင့်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဆန်ဆီးရိုဘောလုံးကွင်းကို ၁၉၂၅ ခုနှစ် ဩဂုတ်လမှာ စတင်တည်ဆောက်ခဲ့ပြီး တနှစ်ကျော်အတွင်း ပြီးစီးကာ ၁၉၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာ မီလန်နဲ့ အင်တာတို့ရဲ့ ပွဲစဉ်နဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
သမိုင်းဝင်အဆောက်အအုံအဖြစ် အရေးပါနေဆဲဖြစ်ပေမဲ့ မီလန်မြို့ကောင်စီဟာ ပြီးခဲ့တဲ့နှစ်မှာ ဒီအားကစားကွင်းကြီးကို အေစီမီလန်နဲ့ အင်တာမီလန်အသင်းတို့ထံ ရောင်းချခဲ့ပြီး ကွင်းဟောင်းကို ဖြိုဖျက်ကာ ကွင်းသစ်တည်ဆောက်ဖို့ အသင်း ၂ သင်းက စီစဉ်နေပါတယ်။











