
အီတလီနိုင်ငံ၊ မီလန်မြို့လယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်က ဓာတ်ရထားတစင်း လမ်းချော်မှု ဖြစ်ပွားခဲ့လို့ လူ ၂ ယောက် သေဆုံးခဲ့ပြီး လူ အယောက် ၄၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက တယောက်ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ရထားဟာ မီလန်မှာ အသုံးပြုနေတဲ့ အသစ်လွင်ဆုံး ရထားအမျိုးအစားဖြစ်ပြီး မီလန်မြို့ ဗဟိုဘူတာရုံအနီး ဗစ်တိုရီယိုဗနက်တိုလမ်းကြောင်းမှ လွဲချော်သွားတဲ့အရှိန်နဲ့ ဆိုင်တဆိုင်ရဲ့ မှန်ပြတင်းပေါက်ကို တိုက်မိခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီယို ဒီဂီယာကိုမိုက ရိုက်တာကို ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လူနာတင်ကား ၁၃ စီးနဲ့ လာရောက်ကူညီပေးခဲ့သလို ဒဏ်ရာရသူတွေကို ချက်ချင်းပြုစုပေးနိုင်ဖို့ အခင်းဖြစ်နေရာမှာပဲ ယာယီတဲထိုးပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။
မီလန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (ATM) ကတော့ အခု မတော်တဆမှုအပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်နစ်နာသူအားလုံးအတွက် စာနာကြောင်း ပြောကြားထားပါတယ်။
မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ အာဏာပိုင်တွေနဲ့ တရားရေး အာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။










