
နိုင်ဂျီးရီးယားနိုင်ငံ၊ ချီဘော့ခ်ပြည်နယ်ကနေ ကျောင်းသူ ၂၇၆ ယောက်ကို ပြန်ပေးဆွဲပြီး ဘိုကိုဟာရမ်က ကမ္ဘာကို အံ့အားသင့်စေခဲ့တဲ့ ဖြစ်ရပ်ဖြစ်အပြီး ၁၀ နှစ်အကြာမှာ ကျန်ရစ်ခဲ့တဲ့ မိခင်တွေရဲ့ ဇာတ်လမ်းကို မှတ်တမ်းရုပ်ရှင် အသစ်တခုက ပြောပြနေပါတယ်။
ဒါပေမဲ့ “ချီဘော့ခ်ရဲ့ မိခင်များ” မှတ်တမ်းရုပ်ရှင်ဟာ ဝမ်းနည်းမှုအကြောင်းသာမက ခွန်အားအကြောင်းပါ ရိုက်ကူးပြသခဲ့တာပါ။
Emmy ဆုရှင် နိုင်ဂျီးရီးယားရုပ်ရှင်ဒါရိုက်တာ ဂျိုးကာချီဘန်ဆန် ရိုက်ကူးတဲ့ ရုပ်ရှင်ထဲမှာ မိခင် ၄ ယောက်ဟာ လယ်ယာစိုက်ပျိုးရေးရာသီတလျှောက် သူတို့ရဲ့သမီးတွေ ပြန်လာဖို့ မျှော်လင့်နေရင်း သူတို့ရဲ့ ဘဝတွေကို ပြန်လည်တည်ဆောက်နေတာကို ပုံဖော်ထားပါတယ်။
ဒီလိုရုပ်ရှင်မျိုး ရိုက်ကူးရတာ ခက်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ သင်ဟာ ဝမ်းနည်းမှုကို အဆက်မပြတ် ရင်ဆိုင်နေရလို့ပါလို့ သူက ပြောပါတယ်။
မိခင်တွေကိုယ်တိုင် ရုပ်ရှင်ရဲ့ ပွဲဦးထွက်ပွဲကို တက်ရောက်ခဲ့ပြီး စိတ်ခံစားမှုအပြည့်နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။
သူတို့ထဲက တယောက်ဖြစ်တဲ့ ယာနာဂါလန်က သူ့ သမီးရစ်ဖ်ကာတူဟာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာ ခွန်အားကို ရှာဖွေခြင်းအကြောင်း ပြောဆိုခဲ့ ပါတယ်။
ဂါလန်က “ကျမတို့ ချီဘော့ခ်လူမျိုးတွေဟာ ဘဝမှာ ဆွဲဆောင်မှုရှိရမယ်၊ ချိုမြိန်တာရော ခါးသက်သက်ရော ဘာပဲဖြစ်ဖြစ် လက်ခံကြတယ်၊ ကျမတို့ ကြုံတွေ့နေရတဲ့ အခြေအနေပေါ် မူတည်တယ်။ ကျမတို့ကြားမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျမတို့ သဘောတူတယ်၊ အဲဒါကြောင့် ကျမတို့ဘဝ တိုးတက်မှုအတွက် လုပ်ဆောင်နေတဲ့ အရာအားလုံးကို ဆက်လုပ်ဖို့ ခွန်အားရခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ဟာ အကောင်းဆုံး အာဖရိကမှတ်တမ်းရုပ်ရှင်အတွက် Encounters Al Jazeera ဆုအပါအဝင် နိုင်ငံတကာက ချီးကျူးဂုဏ်ပြုမှုတွေကို ရရှိထားပါတယ်။










