DVB Logo
Home
မြန်မာသတင်း
အလုပ်အကိုင် အကျပ်အတည်းကြား လူငယ်များကို ဖြားယောင်းနေသည့် ကျားဖြန့်
ဇွဲသစ်
·
October 12, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာနိုင်ငံမှာ အလုပ်အကိုင်၊ ဝင်ငွေနဲ့ အခွင့်အလမ်း နည်းပါးတာကြောင့် အလုပ်ရှာဖွေတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး ကျားဖြန့်လုပ်ငန်းတွေက မက်လုံးပေး ခေါ်ယူတာတွေ ရှိနေပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကရင်ပြည်နယ်က မြဝတီနဲ့ ရွှေကုက္ကိုလ်ဒေသမှာ စစ်တပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို အဆောက်အအုံတွေ ဖြိုခွဲ ဖျက်ဆီး နှိမ်နင်းပြခဲ့ပေမဲ့ လက်တွေ့မှာတော့ ကျားဖြန့်လုပ်ငန်းတွေက အပြီးတိုင် လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။

ရွှေကုက္ကိုလ်မှာ ကျားဖြန့်ဆိုက်တွေ ပြန်ဆောက်လုပ်နေသလို မြဝတီမြို့ပေါ်နဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာပါ ကျားဖြန့်လုပ်ငန်းတွေ အလုံးအရင်းနဲ့ ဖြန့်ကြက် ပြောင်းလဲ လုပ်ကိုင်လာတာကို တွေ့ရတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးနှိမ်နင်းရေး ကူညီပေးသူတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ပြည်တွင်းမှာ အလုပ်အကိုင် နည်းပါးတာနဲ့ လုပ်ခလစာ မလုံလောက်တာကြောင့် အလုပ်ရှာဖွေတဲ့ အလုပ်သမားတွေ၊ လူငယ်တွေကို ပစ်မှတ်ထားကာ ကျားဖြန့်လုပ်ငန်းတွေက မက်လုံးပေး ခေါ်ယူတာတွေ ရှိနေပါတယ်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “လုပ်သားတွေအနေနဲ့က Formal sector တွေကနေ Informal sector လုပ်သားတွေအဖြစ် ပြောင်းသွားနိုင်တယ်။ နောက်တခုက လုပ်သားတွေ ရင်ဆိုင်ရနိုင်ဖွယ်ရှိတာက အိမ်နီးချင်းနိုင်ငံများရဲ့ လိုအပ်ချက်ကို အသုံးချသွားမဲ့ ပုံစံတွေကို တွေ့ရတယ်။ ဥပမာအားဖြင့်ဆိုရင် တရုတ်ပြည်ကို သတို့သမီးအဖြစ် ရောင်းစားခံရတဲ့ ကိစ္စတွေ၊ လူကုန်ကူးမှုတွေ၊ ပြီးတော့ ထိုင်းနိုင်ငံကို တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအဖြစ် လုံခြုံစိတ်ချမှုမရှိတဲ့ လမ်းကြောင်းတွေကနေ ထွက်ခွာရတာ ဒါတွေကို ဆက်တိုက် ကျနော်တို့ မြင်နေရပြီ။ နောက်တခုဆိုရင်လည်း ကျားဖြန့် အန္တရာယ်ကိုလည်း ကြုံရနိုင်တယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထုတ် စစ်တမ်းအရ မြန်မာလူငယ် ၄ ယောက်မှာ တယောက်ဟာ အလုပ်အကိုင် မရှိကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၄ ယောက်မှာ ၃ ယောက်ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတက်ရောက်မှု မရှိတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအချက်အလက်တွေက လူငယ်တွေ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဖော်ပြနေတာပါ။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က “ပြည်တွင်းတလျှောက်လုံးမှာလည်း နည်းမျိုးစုံနဲ့ လိမ်လည်တာရှိတယ်။ တခါတလေ ရုပ်ပုံတွေ၊ ကြော်ငြာတွေ၊ ဈေးပေါပေါပစ္စည်းတွေ၊ TV တွေ စသဖြင့်ပေါ့ နည်းမျိုးစုံနဲ့ လိမ်ညာပြီး လုပ်နေတာ ရှိတယ်။ ဒါကို မြန်မာပြည်သူ ပြည်သားတွေ အနေနဲ့ အထူးသတိထားကြဖို့၊ အွန်လိုင်းမှာ ရှော့ပင်း လုပ်တဲ့အခါလည်း အရမ်း Secure ဖြစ်တဲ့ ဝက်ဘ်ဆိုက်တွေပဲ သုံးကြဖို့၊ သူတို့တွေက တကယ့်ကို အကုန်လုံး ဝက်ဘ်ဆိုက်အတုတွေ လုပ်ပြီးတော့ မြန်မာလူမျိုး တော်တော်များများက တကယ့်ကို Awareness မရှိတဲ့အခါမှာ လင့်ခ်တွေနှိပ်မိတာ ရှိတယ်။ မက်လုံးတွေပေးပြီး ပိုက်ဆံတွေ အစပိုင်းမှာ ပေးပြီး နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံခိုင်းတာတွေ ရှိတယ်။ တချို့တွေကျတော့ ကြီးကြီး ရင်းနှီးမြှုပ်နှံပြီးတော့မှ နောက်ဆုံး ဘဝပျက်သွားတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

UNODC နဲ့ ဥရောပသမဂ္ဂတို့က ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ သတိပေးချက်အရ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကျပ် ရာဇဝတ်မှု ကျူးလွန်ခိုင်းဖို့ လူကုန်ကူးခံရမှုတွေဟာ နိုင်ငံတကာမှာ ပိုမိုစိုးရိမ်စရာ ဖြစ်လာနေပါတယ်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “လက်ရှိ ရွှေကုက္ကိုလ်မှာရှိတဲ့ ကျားဖြန့်တွေကို ဖြိုခွဲတယ် ဆိုပေမဲ့ မြန်မာနိုင်ငံတွင်းကို စီးဝင်သွားအောင် လုပ်နိုင်ခဲ့တာ မဟုတ်ဘူး။ ရွှေကုက္ကိုလ်ကိုပဲ ပိတ်သိမ်းလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ရွှေကုက္ကိုလ်ကနေ ကျားဖြန့်တွေက အလုံးအရင်းနဲ့ ရန်ကုန် အပါအဝင် အခြားသော မြို့တွေကို ကူးပြောင်းသွားတာတွေ ကျနော်တို့ တွေ့ရတယ်။ အဲတော့ အလုပ်အကိုင် ဆုံးရှုံးသွားတဲ့ လုပ်သားတွေသည် ဒါတွေကိုပါ ရင်ဆိုင်ရနိုင်တယ်။ ဒီ ကျားဖြန့်ရဲ့ အန္တရာယ်ကိုပါ ဒါ ရင်ဆိုင်ရနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်” လို့‌ ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့သစ်၊ KK Park၊ မင်းလက်ပံရွာ စတဲ့ ကျားဖြန့်နေရာတွေကို နိုင်ငံတကာက အာရုံစိုက်လာပြီးတဲ့နောက် မြန်မာစစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ BGF တွေက ကျားဖြန့်ရုံတွေကို စီးနင်းတာ၊ အဆောက်အအုံတွေကို ဖောက်ခွဲ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းရာမှာ ဖမ်းဆီးမှုတွေနဲ့ အဆောက်အအုံတွေ ဖျက်ဆီးမှုတွေတင် မကဘဲ ပြည်တွင်းက လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာ၊ ဝင်ငွေ မလုံလောက်တာနဲ့ လူကုန်ကူးမှု အန္တရာယ်တွေကိုပါ ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013