DVB Logo
Home
နိုင်ငံတကာ
ခါမေနီသေဆုံးကြောင်း အီရန်အတည်ပြု၊ အကြီးကျယ်ဆုံးထိုးစစ်ဆင်မည်ဟု ကြေညာ
DVB
·
March 1, 2026
ခါမေနီသေဆုံးကြောင်း အီရန်အတည်ပြု၊ အကြီးကျယ်ဆုံးထိုးစစ်ဆင်မည်ဟု ကြေညာ
Donate to DVB

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ အသက် ၈၆ နှစ်ဟာ ရုံးခန်းမှာ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင် မီဒီယာက တရားဝင်အတည်ပြု ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ခါမေနီရဲ့ သမီး၊ သမက်နဲ့ မြေးဖြစ်သူတို့ပါ အတူသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ အီရန်အဓိက ခေါင်းဆောင်တွေကတော့ ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ၊ အီရန်လက်နက်ကိုင်အဖွဲ့ (IRGC) ရဲ့ ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီး မိုဟာမက်ပက်ပေါ၊  ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အဇစ်နာဇီယာဇာဒက်၊  ခါမေနီရဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေး အလီရှန်ကာနီ၊ ခါမေနီရဲ့ စစ်ရေးဗျူဟာ အကြီးအကဲ မိုဟာမက်ရှာရာဇီ၊  ထောက်လှမ်းရေးအကြီးအကဲ ဆာလက်အဆာဒီနဲ့ ပါလက်စတိုင်း Quds တပ်ဖွဲ့အကြီးအကဲ ဆာအစ်အအစ်ဇာဒီ တို့ဖြစ်ပါတယ်။

တီဟီရန်မြို့က သူ့ရဲ့ ရုံးခန်းအဆောက်အအုံ ပျက်စီးသွားတာကိုလည်း ဂြိုဟ်တုပုံရိပ်တွေကတဆင့် အတည်ပြုတွေ့ရှိရပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လ ကတည်းက နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်လာသူ ခါမေနီဟာ အီရန်နိုင်ငံရေးနဲ့ စစ်တပ်အပေါ် ဩဇာလွှမ်းမိုးထားသူဖြစ်သလို အမေရိကန်နဲ့ အစ္စရေးအပေါ် သဘောထားတင်းမာသူလည်း ဖြစ်ပါတယ်။

လက်ရှိ တိုက်ခိုက်ခံနေရချိန်မှာ ခေါင်းဆောင်သစ် ရွေးချယ်ဖို့အတွက် ဘာသာရေးပညာရှင် ၈၈ ယောက် ပါဝင်တဲ့ ကောင်စီကို အမြန်ဆုံးခေါ်ယူဖို့က လုံခြုံရေးအရ အခက်အခဲတွေ ရှိနေပါတယ်။

ဒါကြောင့် ခေါင်းဆောင်သစ် မရွေးချယ်နိုင်ခင်စပ်ကြား သမ္မတ၊ တရားသူကြီးချုပ်နဲ့ စောင့်ရှောက်ရေးကောင်စီက ထိပ်တန်းဘာသာရေးခေါင်းဆောင်တယောက်တို့ ပူးပေါင်းပြီး တာဝန်တွေကို ယာယီလွှဲပြောင်းယူရဖွယ် ရှိနေပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်သမိုင်းတလျှောက် အပြင်းထန်ဆုံးထိုးစစ်ကို မကြာမီ စတင်တော့မယ်လို့ ကြေညာထားပါတယ်။

ဒေသတွင်းမှာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေနဲ့ အမေရိကန် အကြမ်းဖက်စခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ IRGC က သတိပေးထားပါတယ်။​

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ ဆယ်စုနှစ်ချီ ကြိုးပမ်းချက်တွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ခုလိုတိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

"ငြိမ်းချမ်းရေးသမ္မတ" အဖြစ် ပြန်ရွေးကောက်တင်မြှောက်ခံရဖို့ မဲဆွယ်စည်းရုံးခဲ့တဲ့ ထရမ့်ပ်ဟာ သမ္မတသက်တမ်း တလျှောက် အကြီးမားဆုံး နိုင်ငံခြားရေးမူဝါဒ အလောင်းအစားကိုလုပ်နေပြီး ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ဆယ်စုနှစ်ချီ ခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့နဲ့ နျူကလီးယား လက်နက် မတီထွင်နိုင်တာ သေချာစေဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။ 

ထောက်လှမ်းရေးနဲ့ ခြေရာခံစနစ်တွေသုံးပြီး ခါမေနီရဲ့ တည်နေရာကို စောင့်ကြည့်ခဲ့တယ်လို့ ထရမ့်ပ်က Truth Social ပို့စ်မှာ ရေးသားခဲ့ပြီး သူကိုယ်တိုင် ဒါမှမဟုတ် သူနဲ့အတူ အသတ်ခံခဲ့ရတဲ့ တခြားခေါင်းဆောင်တွေ လုပ်နိုင်တာမရှိဘူးလို့လည်း ထပ်ပြောခဲ့ပါတယ်။ 

အစ္စရေးနဲ့  အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေကြားမှာ အီရန်ဟာ မရေမရာမှုတွေနဲ့ ရုန်းကန်နေရပြီး အထူးသဖြင့် ငယ်ရွယ်တဲ့ မျိုးဆက်တွေကြား ပြည်တွင်းမှာ သဘောထားကွဲလွဲမှုတွေ တိုးနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013