
စစ်ကိုင်းတိုင်း စစ်ကိုင်း-ဆားတောင်လမ်းပိုင်းမှာ ဆွမ်းဆန်စိမ်းအလှူခံပြီး ပြန်လာတဲ့ သီလရှင်တွေ စီးလာတဲ့ကား မိုင်းထိမှန်ခဲ့တာကြောင့် သီလရှင်ငယ် ၁ ပါး ပျံလွန်သွားပြီး ၄ ပါး ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်မှာရှိတဲ့ ဆန္ဒာရာမ သီလရှင်ကျောင်းတိုက်က ကျောင်းထိုင် ဆရာကြီး ဒေါ်ယုစန္ဒာ အပါအဝင် သီလရှင် ၁၅ ပါးဟာ ဖေဖော်ဝါရီ ၂၆ ရက်က ရွှေဘိုမြို့နယ်ကနေ ဆွမ်းဆန်စိမ်းအလှူခံပြီး စစ်ကိုင်းမြို့ကို ကားနဲ့ပြန်အလာ ညနေ ၆ နာရီဝန်းကျင်က ကျားမင်းကြီးရွာနဲ့ ဆားတောင်မြို့အကြားအရောက်မှာ ကားမိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သီလရှင်ကျောင်းတိုက်နဲ့ နီးစပ်သူတယောက်က “ဆားတောင်နဲ့ ကျားမင်းကြီးရွာကြားမှာဖြစ်တာလို့ ကြားတယ်။ မိုင်းက ၂ လုံး ဆက်တိုက်ကွဲတာပါ။ ကားနောက်ပိုင်းကို ထိသွားလို့ နောက်တာယာ ၂ လုံးနဲ့ ဆီတိုင်ကီ ကွဲသွားတယ်။ ကားနောက်ပိုင်းမှာ ထိုင်နေတဲ့ ၅ ပါးကို ထိတာပါ။ ၁ ပါးကတော့ နေရာမှာတင် ဆုံးသွားတယ်။ ကျန်တဲ့ ၄ ပါးကတော့ စစ်ကိုင်းဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီး မစိုးရိမ်ရပါဘူး” လို့ DVB ကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကားနောက်ခန်းမှာ လိုက်ပါလာတဲ့ အသက် ၁၃ နှစ်အရွယ် သီလရှင်ငယ် မကုလာစာရီဟာ မိုင်းစထိမှန်ပြီး နေရာမှာတင် ပျံလွန်ခဲ့ပါတယ်။
ဒါ့အပြင် အသက် ၁၂ နှစ်အရွယ် မခေမာသင်္ဂ၊ အသက် ၁၃ နှစ်အရွယ် မဝိမလ၊ အသက် ၁၂ နှစ်အရွယ် မပညာဝတီနဲ့ အသက် ၁၂ နှစ်အရွယ် မကုလာရီ တို့ ၄ ပါးမှာလည်း မိုင်းစထိမှန် ဒဏ်ရာ တွေ ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရ သီလရှင် ၄ ပါးကို စစ်ကိုင်းမြို့ ခုတင် ၃၀၀ ဆေးရုံကြီးမှာ ဆေးကုသ ပေးနေပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
အခု မိုင်းပေါက်ကွဲခဲ့တဲ့ ကျားမင်းကြီးရွာနဲ့ ဆားတောင်မြို့ကြားလမ်းပိုင်းဟာ စစ်ကောင်စီတပ်က အဓိက ထိန်းချုပ်ထားတဲ့ လမ်းပိုင်းဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။











