
အာဏာသိမ်းပြီးချိန်ကနေ ဩဂုတ် ၂၈ ရက်အထိ စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘာသာရေးကဏ္ဍက သာသနာ့အနွယ်ဝင် ဘုန်းကြီး၊ သီလရှင်နဲ့ ကိုရင် စုစုပေါင်း ၉၆ ပါး ပျံလွန်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
ပျံလွန်သူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၁၉ ပါး ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ ၂၀ ပါးနဲ့ အများဆုံးဖြစ်ကာ ၅၂ ပါးဟာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျံလွန်ခဲ့တာပါ။
ဩဂုတ် ၂၀ ရက်ကလည်း ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲတာကြောင့် ဦးပဥ္ဇင်း ဦးတီလော ပျံလွန်တော်မူခဲ့ပြီး စစ်ဘေးရှောင် တယောက်လည်း သေဆုံးခဲ့ပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက် အထိ စစ်အာဏာရှင်တပ်နဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းကတော့ ၈,၃၃၀ ယောက်နဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၁,၈၄၃ ယောက်ရှိတယ်လို့လည်း AAPP က ထုတ်ပြန်ပါတယ်။
Photo: AAPP











