
အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ မဖွယ်မရာ ဗီဒီယိုဖိုင်ပါ ဧရာဝတီတိုင်း ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ ကျောင်းတိုက်တခုက ဘုန်းကြီးနဲ့ သီလရှင် ၄ ပါးတို့ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သရုပ်ပျက် မဖွယ်မရာ ဗီဒီယိုဖိုင်ပါ ဘုန်းကြီး ဉူးခေမာဝံသနဲ့ ဥူးရေတဝ၊ သီလရှင် နန္ဒမာလာနဲ့ မမာလာဝံသတို့ကို ဧပြီ ၂၅ ရက်မှာ သံဃာအဖွဲ့အစည်းတွေက သိက္ခာချ လူဝတ်လဲပေးပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပုသိမ်ဒေသခံတယောက်က “သာသနာတော်ကို အရှက်ရ သိက္ခာကျ ညှိုးနွမ်းစေမှုနဲ့ သိက္ခာချ လူဝတ်လဲမှု လုပ်ဆောင်ခဲ့တာလို့ သိရတယ်။ မဖွယ်မရာလုပ်နေတဲ့ ဗီဒီယိုဖိုင် ပြန့်နေတာက တပတ်လောက်ရှိပြီ။ လူတွေဆိုရင်တောင် မသင့်လျော်တဲ့ လုပ်ရပ်ပါ။ သံဃာတို့၊ သီလရှင်တို့ ဆိုတော့ ပိုဆိုးတာပေါ့။ ဒီနေ့တော့ အဖမ်းခံထိတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကိုတော့ လက်ရှိ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သလပ်ခွာနယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ဘုန်းကြီးနဲ့ သီလရှင်တွေဟာ ပုသိမ်-ငွေဆောင်လမ်း ၁၆/၀ မိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စုရှိ အောင်သစ္စာမဏ္ဍိုင်တောရ ကျောင်းတိုက်မှာ နေထိုင် သီတင်းသုံးသူတွေ ဖြစ်ပါတယ်။
သူတို့သီတင်းသုံး နေထိုင်တဲ့ ပုသိမ်-ငွေဆောင်ကားလမ်း ၁၆/၀ မိုင်အနီးရှိ ၀ ဒသမ ၂၄ ဧကခန့်ရှိ အောင်သစ္စာမဏ္ဍိုင်တောရကျောင်းတိုက် အမည်၊ အဆောက်အအုံနဲ့ မြေနေရာဟာ သက်ဆိုင်ရာက တရားဝင် သာသနာ့နယ်မြေအဖြစ် ခွင့်ပြုထားခြင်းမရှိဘူးလို့ သိရပါတယ်။
သူတို့ ၄ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်လောက်က စတင်ပြီး သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ တောရကျောင်းသဏ္ဌာန် ဆောက်လုပ်နေထိုင်နေတာ ဖြစ်ပါတယ်။











