
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားတိုက်နယ်၊ မံလွဲအုပ်စု၊ နောင်ပိန်းရွာနဲ့ ညောင်ခြေထောက်ရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၃ ရက် ညနေမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး မယ်သီလရှင်တပါး ဒဏ်ရာရတယ်လို့ ကသာဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “နောင်ပိန်းရွာက စာသင်ကျောင်းကို ဗုံးကြဲသွားတာ။ အဲဒီမှာ ကနဦး အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်ရခဲ့ပြီး ဆေးကုသခံယူရင်း ည ၈ နာရီမှာ သေဆုံးသွားခဲ့ရတာဗျ။ ၂ ထပ် စာသင်ကျောင်းကြီးရယ် ရေကန်တွေ ပျက်စီးခဲ့ပါတယ်။ နောက်ပြီး ညောင်ခြေထောက်ရွာကိုလည်း ဗုံးသီးကြဲချသွားသေးတာ။ အဲရွာမှာက မယ်သီလရှင်တပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်” လို့ ပြောပါတယ်။
အခုလို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံ ရပ်ကျေးပအဖ တာဝန်ရှိသူတယောက်က “သူတို့ စစ်မော်တော်တွေကို ကာကွယ်ရေးတပ်တွေက ပစ်ခတ်လို့ ဧရာဝတီမြစ်အတွင်း နစ်မြုပ်တာကို မကျေနပ်ပြီး ရှုံးမဲ မဲတဲ့သဘော ရှိတယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိပါဘူး။ မြေပြင်မှာ PDF ရှိတယ် အထင်နဲ့ ကြဲချတာရော မဖြစ်နိုင်ဘူးလားဆိုတော့ စစ်တိုက်တာဟာ ထင်မြင်ယူဆချက်နဲ့ အခုလို ဗုံးကြဲလို့ လုပ်လို့ရသလား၊ လုပ်လို့ရတယ်ဆိုရင်တောင် ကနဦး ထိခိုက်သေဆုံးရတာက အရပ်သားပြည်သူ၊ ပျက်စီးတာက ပြည်သူပိုင်ပစ္စည်းနဲ့ သာသနအဆောက်အအုံတွေပါ” လို့ ပြောပါတယ်။
ကသာမြို့နယ် မိုးတားတိုက်နယ် မံလွဲအုပ်စု နောင်ပိန်းရွာနဲ့ ညောင်ခြေထောက်ရွာကို လာရောက်ကြဲချတဲ့ လေယာဉ်ဟာ ဂျက်ဖိုက်တာ အမျိုးအစားဖြစ်ပြီ တံတာဦးလေတပ်ကနေ လာရောက် ကြဲချသွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။











