
၂၀၂၅ ခုနှစ်က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ဆင်ခြေဖုံးအနီးက လူချမ်းသာရပ်ကွက်ရှိ စာသင်ကျောင်း တကျောင်းရဲ့အပြင်ဘက်မှာ ယူကရိန်းနိုင်ငံရေးသမားဟောင်းတယောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ သံသယရှိသူ တယောက်ကို ဂျာမနီနိုင်ငံမှာ ဖမ်းဆီးရမိလိုက်ကြောင်း စပိန်အမျိုးသားရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အသတ်ခံခဲ့ရသူဟာ ၂၀၁၄ ခုနှစ်က လူထုအုံကြွမှုကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ရုရှားလိုလားသူ ယူကရိန်းသမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ရဲ့ အဆင့်မြင့် လက်ထောက်ဟောင်း အန်ဒရီး ပေါ့တ်နော့ဗ် ဖြစ်ပါတယ်။
အခုဖမ်းဆီးရမိတဲ့ သံသယရှိသူနဲ့ ပတ်သက်ပြီး စပိန်ရဲတပ်ဖွဲ့က အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။
ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဖမ်းဆီးရမိသူဟာ ပေါ့တ်နော့ဗ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ဖြစ်တယ်လို့ ယူဆရကြောင်းနဲ့ သူ့ကို ဂျာမနီနိုင်ငံ ဟိုင်းန်စ်ဘာ့ဂ်မြို့မှာ ဖမ်းမိခဲ့ကြောင် အတည်ပြု ထားပါတယ်။
အန်ဒရီ ပေါ့တ်နော့ဗ်ဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းကနေ ရုရှားကို ထွက်ပြေးခဲ့သူဖြစ်ပြီး ယူကရိန်းမှာ နိုင်ငံတော်သစ္စာဖောက်မှု၊ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာလည်း ပါခဲ့ဖူးပေမဲ့ နောက်ပိုင်းတော့ စွဲချက်တွေနဲ့ ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ကို ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ပေါ့တ်နော့ဗ်ဟာ လာဘ်ပေးလာဘ်ယူမှုတွေကတဆင့် ယူကရိန်းရဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေး ကဏ္ဍတွေမှာ သြဇာလွှမ်းမိုးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
Source:Reuters










