
ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ရုပ်သံလိုင်းတွေကတဆင့် ပြသတဲ့ ရိုးရာပုံစံကို ကျော်လွန်ပြီး ပရိသတ်တွေဆီ တိုက်ရိုက်ဝန်ဆောင်မှုပေးမဲ့ “Premier League Plus” App ကို လာမဲ့ရာသီ စင်ကာပူနိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ ဘောလုံးလောကရဲ့ ထုတ်လွှင့်မှုသမိုင်းမှာ အပြောင်းအလဲကြီးတခုဖြစ်ပြီး အောင်မြင်ခဲ့ရင် တခြားနိုင်ငံတွေကိုပါ ချဲ့ထွင်သွားမယ်လို့ ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချက်မာစတာက အတည်ပြုလိုက်တာပါ။
ဒီဝန်ဆောင်မှုမှာ တရာသီ ပွဲစဉ် ၃၈၀ လုံးကို Smart TV ဒါမှမဟုတ် Laptop တွေကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ၂၄ နာရီပတ်လုံး အထူးအစီအစဉ်တွေကိုပါ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ရုပ်သံလိုင်းပေါင်းစုံကို အခကြေးငွေ အမြောက်အမြားပေးပြီး ကြည့်နေရတဲ့ ပရိသတ်တွေအတွက် ဒီ App ဟာ ပိုမိုသက်သာတဲ့ဈေးနှုန်း ဖြစ်လာနိုင်လို့ လူအများက စောင့်ကြည့်နေကြပါတယ်။
အထူးသဖြင့် ဗြိတိန်မှာ တနှစ်ကို ရုပ်သံကြေး ပေါင် ၁,၃၅၀ ကျော်အထိ ပေးဆောင်နေရတဲ့ ပရိသတ်တွေအတွက်တော့ ဒီ "Premflix" ပုံစံဟာ အနာဂတ်ရဲ့ မျှော်လင့်ချက်သစ် ဖြစ်လာနိုင်ပါတယ်။










