DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် ကျားကြီးတကောင်လွတ်နေသဖြင့်  သတိပေးချက်ထုတ်ပြန် 
DVB
·
February 26, 2026
ချင်းမိုင်တွင် ကျားကြီးတကောင်လွတ်နေသဖြင့်  သတိပေးချက်ထုတ်ပြန် 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ကျွမ်ထောင်းန်မြို့နယ် ဒွိုင်အင်းထနွန်းတောင်ခြေက တောအုပ်ထဲမှာ ကျားကြီးတကောင် လွတ်မြောက်နေလို့  အနီးနားနေထိုင်သူတွေ သတိထားကြဖို့  သက်ဆိုင်ရာက ထုတ်ပြန်ကြေညာထားပါတယ်။ 

ကျွမ်ထောင်းန်မြို့နယ် မန့်လုံအုပ်စု မိုင်းအန်းရွာသားတွေဟာ သူတို့နွားတွေကို ဒွိုင်အင်းထနွန်း တောင်ခြေ တောထဲမှာ သွားကျောင်းလေ့ရှိပါတယ်။ 

ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ ရွာသားပိုင်နွား ၂ ကောင်မှာ သားကောင် အကိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်။ 

နောက်တနေ့မှာ မန့်လုံအုပ်စု နယ်မြေ ၉ က ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်း ကျားကြီးတကောင်က နွားတကောင်ကို သတ်ဖြတ်ကိုက်စားနေတာကို အဝေးကနေ လှမ်းမြင်ရတယ်၊  ရွာသားတွေက အဝေးကနေ အသံပေးခြောက်လှန့်တော့ အဆိုပါကျားကြီးဟာ တောထဲထွက်ပြေး ပျောက်ကွယ်သွားတယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

ကျားကိုက်ခံရတဲ့ နွား ၃ ကောင်မှာ တကောင်နဲ့တကောင် မီတာ ၅၀ ခန့်သာကွာဝေးတယ်၊ သူကြီးတွေ့တဲ့ ကျားကြီးဟာ အရှည် ၃ မီတာခွဲခန့်ရှိတယ်။ အနီးနားတဝိုက်မှာ ကျားခြေရာလို့ ယူဆရတဲ့  အရှည် ၆ - ၇ စင်တီမီတာခန့် ရှည်လျားတဲ့ အရာတွေ့တယ်၊ နွား ၃ ကောင်လုံးကို ကိုက်တဲ့ ကျားကြီးဟာ တကောင်တည်းပဲလို့ ယူဆရတယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ဒွိုင်အင်းထနွန်းတောင်ဟာ ထိုင်းအမျိုးသားဥယျာဉ် သစ်တောကြိုးဝိုင်းထဲ ပါဝင်တာကြောင့် ရွာသားတွေဟာ အဲဒီကိစ္စကို သစ်တောကြိုးဝိုင်းဌာန တာဝန်ရှိသူတွေထံ တိုင်ကြားထားပါတယ်။ 

သစ်တောကြိုးဝိုင်းတာဝန်ရှိသူတွေဟာ အဆိုပါဧရိယာကို နွားကျောင်းခွင့်နဲ့ ယာယီဝင်ရောက်ခွင့် တားမြစ်လိုက်ပြီး အနီးနားတဝိုက်နေ ပြည်သူတွေကိုလည်း ကျားအန္တရာယ် သတိထားနေထိုင်ကြဖို့၊ ကျွဲခြံ၊ နွားခြံတွေ ပိုမိုလုံခြုံအောင် ကာရံထားဖို့  သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ကြေညာထားခိုင်းပါတယ်။ 

ဒါ့အပြင် ကျားကြီးကို ဖမ်းဆီးရမိရေးအတွက် အမှတ် ၁၆ တောတွင်းသားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ တိမွေးကုဆရာဝန်အဖွဲ့တို့ နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်၊  တောထဲမှာ Camera Trap ကင်မရာတပ်ဆင်ထားပြီး ကောင်းကင်ကနေလည်း Thermal Drone ဒရုန်းနဲ့ ရှာဖွေလျက်ရှိတယ်။ ဒီကနေ့  ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ အဆိုပါကျားကြီးကို ဖမ်းဆီးလို့ မရသေးပါဘူး။ 

ကျားကြီးဟာ ဘယ်ကရောက်လာသလဲဆိုတာလည်း မသိသေးဘူး။  အနီးနားတဝိုက်က လွိုင်လော်၊ လမ်းပွန်း၊ ချင်းမိုင် နိုက်ဆာဖာရီစတဲ့ ကျားစခန်းနဲ့ ကျားလှောင်အိမ်တွေထဲမှာလည်း မှတ်ပုံတင်ထားတဲ့ ကျားအရေအတွက် အပြည့်ရှိနေတယ်၊ သဘာဝအလျောက် ကြီးပြင်းလာတဲ့ကျားလို့လည်း ယူဆတယ်၊ အဆိုပါကျားကြီးကို မတွေ့မချင်း တာဝန်ရှိသူတွေက ၂၄ နာရီမပြတ် စောင့်ကြပ်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ 

Source - CH7 News / ThaiPBS News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013