DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် အုပ်စုဖွဲ့ရန်ဖြစ်ပြီး ဒဏ်ရာရသူများအား ကူညီပေးနေသော သူနာပြုအကူ ကားတိုက်ခံရ၊ ယာဉ်မောင်းမှာ မြန်မာနိုင်ငံသားဖြစ်
DVB
·
November 2, 2026
Photo: CH7 HD News
Photo: CH7 HD News
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ထာ့ဆာလားရပ်ကွက်ထဲမှာ ထိုင်းလူငယ်တွေ အုပ်စုဖွဲ့ရန်ဖြစ်ရင်း ထိခိုက် ဒဏ်ရာရလို့ သူနာပြုအကူတယောက်က ဆင်းပြီး ရှေးဦးသူနာပြုစု ကူညီပေးစဉ် ဟိုင်းလပ်စ်ကားတစီးက ဝင်တိုက်လို့ သေဆုံးသွားခဲ့ပြီး အဆိုပါကားမောင်းသူမှာ မြန်မာနိုင်ငံသားတယောက် ဖြစ်တယ်လို့  ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၃၁ ရက် ညသန်းခေါင်ယံအချိန်က ချင်းမိုင်မြို့၊ ထာ့ဆာလားရပ်ကွက် အဝေးပြေးလမ်းမကြီးရှိ ဒွန်းကျန်လမ်းဆုံပအနီးမှာ ထိုင်းလူငယ်အုပ်စု ၂ စု ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

အဲဒီအချိန် ဆေးရုံကနေ ဂျူတီဆင်းပြီး အိမ်ပြန်လာတဲ့ သူနာပြုအကူ အမျိုးသမီးတယောက်ဟာ ဆိုင်ကယ်ပေါ်က ဆင်းပြီး ဒဏ်ရာရသူကို ရှေးဦးသူနာပြုစုပေးနေစဉ် အဆင်ခြင်မဲ့ မောင်းနှင်လာတဲ့ ဟိုင်းလပ်စ်ကားတစီးက သူ့ကို ဝင်တိုက်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

လမ်းသွားလမ်းလာတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားရာမှာ မဲ့ပင်းနယ်မြေရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတယ်။ ကယ်ဆယ်‌ရေးက သူနာပြုကို စီပီအာရ်လုပ်ပြီး အသက်ကယ်ဖို့ ကြိုးစားပေမဲ့ အဲဒီနေရာမှာပဲ သေဆုံးခဲ့တယ်။

အုပ်စုဖွဲ့ရန်ဖြစ်တဲ့ လူငယ်တွေဘက်ကလည်း တယောက်သေဆုံးပြီး အနည်းဆုံး ၄ ယောက် ဒဏ်ရာရခဲ့တယ်။ အနီးနားက မြက်ခင်းထဲမှာ ဆိုင်ကယ် ၅ စီးလဲနေပြီး တချို့မှာ မီးရှို့ ခံထားရပါတယ်။

ခိုက်ရန်ဖြစ်ပွားသူ လူငယ် ၂ ဖွဲ့မှာ ထိုင်းစတိတ်နဲ့ ထိုင်းဘန့်ပန် အဖွဲ့တို့ဖြစ်ပြီး ရည်းစားလုကိစ္စ ရန်ငြိုးနဲ့ အဆိုပါနေရာမှာ ချိန်းတွေ့ ဖြေရှင်းကြတယ်၊ နှစ်ဖက်ပေါင်း လူ ၄၀ လောက်ရှိပြီး သေနတ်နဲ့ လက်လုပ်ဗုံးတွေပါ ပါလာတယ်လို့ ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ရန်ဖြစ်တဲ့အထဲက တချို့က ထွက်ပြေးသွားပြီး တချို့က ဆေးရုံရောက်တယ်၊ တချို့ကတော့ အဲဒီနေရာမှာပဲ ဖမ်းဆီးရမိတယ်၊ မနက်မိုးလင်းတော့ မိဘအုပ်ထိန်းသူတွေက ရဲစခန်းမှာ ပြန်လာအပ်သူတွေလည်း ရှိခဲ့ပါတယ်။

သေဆုံးသူ သူနာပြု ကနုတ်ရတ်ဟာ ချင်းမိုင်မဟာရတ် ဆေးရုံမှာ သူနာပြုအကူလုပ်နေသူဖြစ်ပြီး သူဟာ လမ်းဖွန်းဇာတိဖြစ်ကာ သူနာပြုတယောက်ဖြစ်ဖို့ ဆေးရုံမှာ အကူအနေနဲ့ အလုပ်သင်နေတာလို့ မိခင်ဖြစ်သူက သတင်းထောက်ကို ပြောပါတယ်။‌

တာဝန်ရှိသူတွေက သူ့ကို ကားနဲ့တိုက်သွားသူကို လိုက်လံစုံစမ်းရာမှာ အသက် ၂၀ အရွယ်ရှိ  နေထက်ပိုင် ဆိုသူ မြန်မာနိုင်ငံသားတယောက် ဖြစ်တယ်။ လတ်တလော သူ့ကို မဲ့ပင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး ရန်ပွဲနဲ့ ပတ်သက်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။

ရန်ပွဲမှာပါဝင်သူ လူငယ်တယောက်ကတော့ ရှုံးသွားတဲ့ဘက်က သူတို့ကို မယှဉ်နိုင်လို့ ကားနဲ့ တမင်ဝင်တိုက်တာလို့လည်း စွပ်စွဲထားပါတယ်။

Source:  CH7 HD News / 3Plus News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013