
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာ ဝက်သားကင်ဆိုင်လုပ်သား မြန်မာအလုပ်သမား ၂ ယောက်နဲ့ လက်သည်း အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့ မြန်မာအမျိုးသမီး ၃ ယောက်တို့ကို ခွင့်ပြုချက်မရှိတဲ့ အလုပ်လုပ်ကိုင်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
လတ်တလော ထိုင်းနိုင်ငံမှာ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား၊ အလုပ်သမားတွေကို လိုက်လံ စစ်ဆေးဖမ်းဆီးနေတာမှာ အလုပ်သမားကတ်ထဲမှာ ဖော်ပြထားတဲ့ အလုပ်နဲ့ လက်တွေ့ ဝင်လုပ် နေတဲ့ အလုပ်မတူညီတဲ့ အလုပ်သမားတွေလည်း ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။
ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားကြီးကြပ်ရေးရုံးက တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၂၉ ရက်က ချင်းမိုင်မြို့ ဝပ်ကစ်ရပ်ကွက် ထုန့်ဟိုတိန်းလမ်းပေါ်ရှိ ဝက်သားကင် ရောင်းတဲ့ဆိုင်ကို လည်း သွားရောက်စစ်ဆးခဲ့တယ်။
အဆိုပါ ဝက်သားကင်ဆိုင်က မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့ဟာ အထောက်အထားရှိပေမဲ့ အလုပ်သမားကတ်ထဲမှာ အလုပ်ကြမ်းသမားလို့ ဖော်ပြ ထားပြီး လက်တွေ့မှာ ဈေး ရောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သူတို့ ၂ ယောက်ဟာ အဲဒီအလုပ်မှာ ဝင်လုပ်နေတာ ၄ လ၊ ၅ လ လောက်ပဲ ရှိသေးပြီး လုပ်အားခ တနေ့ကို ဘတ် ၃၀၀ စီ ရရှိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို အလုပ်သမားဥပဒေအရ သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုး အစားမညီညွတ်မှု၊ အလုပ်ရှင် အလုပ်နေရပ်လိပ်စာ ရွှေ့ပြောင်းတာကို ၁၅ ရက်အတွင်း သက်ဆိုင် ရာသို့ အကြောင်းကြားဖို့ ပျက်ကွက်မှုတွေနဲ့ အရေးယူဖို့ မဲ့ပင်းနယ်မြေရဲစခန်းကို ပို့ဆောင် လိုက်တယ်လို့ လန့်နားထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း တာဝန်ရှိသူတွေက ချင်းမိုင်မြို့တွင်းရှိ လက်သည်းအလှပြင်ဆိုင်တဆိုင်ကို ဝင်ရောက်စစ်ဆေးတာမှာ မြန်မာ အလုပ်သမား ၂ ယောက်မှာ အလုပ်သမားကတ်ထဲမှာ အလုပ်ကြမ်းသမားလို့ ဖော်ပြထားပေမဲ့ ဥပဒေက ခွင့်မပြုတဲ့ လက်သည်း အလှပြင်တဲ့အလုပ်ကို ဝင်လုပ်နေတတယ်၊ နောက်ထပ် မြန်မာအလုပ်သမား ၁ ယောက်ကတော့ နေထိုင်ခွင့်အထောက်အထား တစုံတရာမရှိ၊ အလုပ်သမားကတ်လည်း မရှိဘူးလို့ ဆိုပါတယ်။
သူတို့ဟာ အဲဒီမှာ ဝင်လုပ်နေတာ ၂ နှစ်လောက်ရှိပြီဖြစ်ပြီး လုပ်အားခ တနေ့ ဘတ် ၃၅၀ ရတယ်။ တာဝန်ရှိသူတွေက သူတို့ကို လဝက ဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ မြို့တော် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြ ထားပါတယ်။
Source: Chiangmai Immigration/ Lanna News











