
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရန်ပုံငွေဆိုင်းငံ့ထားခံရတဲ့အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို သတိပေးခြင်း ခံခဲ့ရပါတယ်။
အမေရိကန်အစိုးရ ဘတ်ဂျက် တစိတ်တပိုင်း ရပ်ဆိုင်းမှုကြောင့် ကမ္ဘာ့ဖလားမှာသုံးဖို့ လျာထားတဲ့ ဒေါ်လာ သန်း ၉၀၀ နီးပါး ထုတ်ပေးဖို့ အခက်တွေ့နေရတာပါ။
ရန်ပုံငွေရပ်ဆိုင်ထားမှုနဲ့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းတွေဟာ လုံခြုံရေးပြင်ဆင်မှုပိုင်းတွေမှာ နောက်ကျရတဲ့ အကြောင်းရင်းတွေလို့ တာဝန်ရှိသူတွေက အမေရိကန်လွှတ်တော် ပြည်တွင်းလုံခြုံရေးကြားနာပွဲမှာ တင်ပြခဲ့ကြပါတယ်။
မိုင်ယာမီ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီ တာဝန်ရှိသူ ရေးမာတီးနက်စ်ကတော့ မတ်လအကုန် အမီလောက်မှာ ရန်ပုံငွေ ဒေါ်လာ သန်း ၇၀ မရခဲ့ရင် ပြင်ဆင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပြီး ပြိုင်ပွဲကျင်းပရေး အစီအစဥ်တွေ ဖျက်သိမ်းရမယ်လို့ ဆိုပါတယ်။
ကင်းဆက်စီးတီး ရဲတပ်ဖွဲ့ကလည်း ရန်ပုံငွေ မရပါက လုံခြုံရေးအတွက် လိုအပ်တဲ့ ဝန်ထမ်းအင်အား ခန့်အပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။











