
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ သထုံခရိုင် ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်ကတည်းက စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကရင်တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဝင်ရောက်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ရှောင်နေရတဲ့ ပြည်သူတွေ ရက်ရှည်လာပြီဖြစ်တဲ့အတွက် ရေရှည် စားဝတ်နေရေး အခက်အခဲအပြင် သောက်သုံးရေနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတယောက်က DVB ကို ပြောပါတယ်။
“ကြာပြီဆိုတော့ သူတို့ယူလာတဲ့ ရိက္ခာတွေလည်း ကုန်ပြီ။ ကလေးတွေ သက်ကြီးရွယ်အိုတွေက အစ ဒုက္ခရောက်ကြတာပေါ့၊ အလှူရှင်တွေလည်း မရှိဘူး၊ တောတောင်ထဲက အသီးအရွက်တွေပဲ ခူးပြီး စားသောက်နေရတယ်။ တချို့ ဆက်သွယ်လို့ရတဲ့သူတွေကိုကျတော့ ဒီဘက်အဖွဲ့တချို့က ကူညီပေးတာရှိတယ်၊ လုံလုံလောက်လောက်တော့ မဟုတ်ဘူး၊ အဆက်အသွယ်မရလို့ အကူအညီမရတဲ့သူတွေ အများကြီး ရှိနေတယ်။”
လက်ရှိ ကျိုက်ထိုမြို့နယ်အတွင်းက အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုက ကျေးရွာပေါင်း ၂၀ ခန့်မှ လူဦးရေ ၁၃,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဆိုပါစစ်ရှောင်တွေက နီးစပ်ရာ ဆွေမျိုးနေအိမ်၊ မြို့ပေါ်၊ ယာယီစစ်ရှောင်စခန်းနဲ့ တောတောင် ဥယျာဉ်ခြံတွေမှာ ပြန့်ကျဲပြီး တိမ်းရှောင်နေကြရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာအနီးတဝိုက်မှာ စခန်းချ တပ်စွဲထားပြီး တချို့ဆို ကျေးရွာထဲဝင်ရောက်ကာ ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ယူဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်က ညောင်ထောက်ရွာနဲ့ အလူးကြီးကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်သားတွေက ဒေသခံတွေပိုင်တဲ့ ဆိုင်ကယ် ၉ စီး၊ ဖုန်း၊ ငွေသားနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားခဲ့သလို နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်လက်ချက်နဲ့ အရပ်သား ၄ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက သက်ကြီးပိုင်း အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး ကျန်သူတွေက လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတာ ဖြစ်ပါတယ်။
ကျိုက်ထိုအခြေစိုက် PDF ရဲဘော်တယောက်က “ကျနော်တို့လည်း အတတ်နိုင်ဆုံး ကူညီလို့ရသလောက် ကူညီပေးနေတာ ရှိတယ်။ နေထိုင် စားသောက်ဖို့ ခက်ခဲလာတော့ ရွာသားတွေက ပြန်ချင်နေကြပြီး အခုက ဘယ်သူမှ မပြန်ရဲသေးဘူး။ ဟိုကောင်(စစ်တပ်)က ပြန်လာဖို့ ခေါ်နေတာတော့ ကြားတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ အစောပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့ဟာ ဖိုးဝါသိမ်းရွာနဲ့ ညောင်ထောက်ရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ခရွဲကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တိုက်ပွဲကြီးကြီးမားမား ထပ်မဖြစ်တော့ပေမဲ့ နှစ်ဖက်တပ်တွေက ဒရုန်းဗုံးချတာ၊ ခြုံခိုတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ ကျိုက်ထိုအခြေစိုက် တော်လှန်ရေးတပ်တွေကတဆင့် သိရပါတယ်။











