
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ကုန်စုံဆိုင်တဆိုင်ကို အမည်မသိ လက်နက်ကိုင် ၄ ယောက်က ဝင်ရောက်ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီး တယောက်ကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက လားရှိုးမြို့မဈေးအနီး ရပ်ကွက် ၅ ထဲက ‘တွမ်ကျား’ ကုန်စုံဆိုင်ကို အမည်မသိ လက်နက်ကိုင်တွေ ဝင်ရောက်လာပြီး ငွေကြေးတချို့ကို လုယူကာ၊ ဆိုင်ထဲမှာထိုင်နေတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို သေနတ်နဲ့ချိန်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
လားရှိုးမြို့ခံတယောက်က “သူတို့က ကြိုတင်ကြံစည်ပြီး ဖမ်းတာ။ ကားနဲ့ လူ ၄ ယောက် လာတယ်။ အမြန်မောင်းထွက်လို့ရအောင် တယောက်က ကားပေါ်က မဆင်းဘူး။ ကျန်တဲ့ ၃ ယောက်က ဆိုင်ထဲဝင်ပြီး အမျိုးသမီးကို ဖမ်းတာပါ။ ဘာလို့ ဖမ်းတာလဲတော့ မသိဘူး။ သူတို့ပုံစံကို ကြည့်ရတာ အင်မတန် ကျွမ်းကျင်တဲ့အဆင့်မှာ ရှိတယ်။ ၃ မိနစ်၊ ၅ မိနစ်အတွင်းမှာကို အမြန် လုပ်ဆောင်သွားတာ” လို့ ပြောပါတယ်။
လားရှိုးမြို့ပေါ်မှာ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုနဲ့ ပြန်ပေးဆွဲမှု စတဲ့ ရာဇဝတ်မှုတွေဟာ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားနေပေမဲ့ တရားခံတွေကိုတော့ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေက နည်းပါးလွန်းတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။
လားရှိုးမြို့အဝင်အထွက်နဲ့ မြို့တွင်းလမ်းဆုံတွေမှာ စစ်တပ်ရဲ့ လုံခြုံရေးဂိတ်တွေ အများအပြား ရှိနေပေမဲ့ အခုလို လက်နက်ကိုင် ၄ ယောက်က ကားနဲ့ နေ့လယ်ဘက် ပြန်ပေးဆွဲပြီး ငွေကြေး ယူဆောင်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဒေသခံတွေက သံသယရှိနေကြပါတယ်။










