
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ တောင်ငူမြို့နယ်အခြေစိုက် အဆင့်မြင့် ဆက်သွယ်ရေးတပ်က တပ်သားသစ်တယောက်ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ အလင်းဝင်ရောက် ပူးပေါင်းလာတယ်လို့ နတ်တလင်းမြို့နယ်အခြေစိုက် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။
နတ်စစ်သည်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခု ကျနော်တို့ဆီကို ပူးပေါင်းလာတဲ့သူက ကျန်ခဲ့တဲ့ တနှစ်လောက်မှာ ရန်ကုန်၊ လှိုင်သာယာမီးခွက်ဈေးမှာ အလုပ်လုပ်နေရင်း ပေါ်တာဆွဲခံရပြီး စစ်သင်တန်းဆင်းတော့ တောင်ငူ အမှတ် ၁၃ အဆင့်မြင့်ဆက်သွယ်ရေးတပ်မှာ လုံခြုံရေးတာဝန်ကျနေသူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာသူဟာ အသက် ၂၁ နှစ်အရွယ် ကိုအောင်မျိုးမင်း ဖြစ်ပြီး လက်နက်ခဲယမ်းတွေ ယူဆောင်လာနိုင်တာ မရှိဘူးလို့လည်း ဆိုပါတယ်။
နတ်စစ်သည်တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုအောင်က “အခုအလင်းဝင်လာတဲ့ ကိုအောင်မျိုးမင်းက ကျနော်တို့ နတ်တလင်းမြို့နယ်ဇာတိ ဖြစ်ပါတယ်။ သူ့မိသားစုတွေက ကျနော်တို့ စိုးမိုးနယ်မြေထဲက ရွာတရွာမှာ နေထိုင်ကြလို့ အဲဒီမိသားစုဝင်တွေကပဲ ကိုအောင်မျိုးမင်း အလင်းဝင်နိုင်ဖို့ ကျနော်တို့ဆီကို ဆက်သွယ်ပေးခဲ့တာပါ။ တောင်ငူအထိ သွားခေါ်ရတာမဟုတ်ဘဲနဲ့ သူတာဝန်ကျနေတဲ့ တောင်ငူတပ်ရင်းကနေ ထွက်ပြေးလာပြီး အလင်းဝင်လာတာပါ။ လက်နက်တွေ ဘာတွေ ပါမလာပေမဲ့ ကျနော်တို့ တတ်နိုင်သလောက် ငွေကြေးကူညီထောက်ပံ့ပေးခဲ့ပါတယ်။ သူ့အနေနဲ့ ဘာဆက်လုပ်မလဲ ဆိုတာတော့ သူ့မိသားစုနဲ့ တိုင်ပင်နေကြပြီးတော့ လောလောဆယ်မှာ သူ့ကို ကျနော်တို့တပ်ဖွဲ့ကပဲ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားပါတယ်” လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်မှာ စစ်တပ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အမြန်ဆုံး ချိတ်ဆက်ပြီး ပူးပေါင်းကြဖို့လည်း သူက တိုက်တွန်းပါတယ်။
နိုင်ငံတဝန်းက စစ်မြေပြင်တွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးပြီး မတရားသဖြင့် စစ်မှုထမ်းခိုင်းတာတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့လည်း သတိနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။










