
မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်တပ်က ရွေးကောက်ပွဲပြီးကတည်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိနေတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
အင်အားထောင်ချီ အသုံးပြုထားတဲ့ စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ နယ်မြေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတလျှောက်ကို အဓိက စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားနယ်မြေဘက်ကို ရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ရေးမြို့နယ်မြောက်ပိုင်း ရှေ့တန်းတနေရာမှာ တာဝန်ကျနေတဲ့ မွန်တပ် ရဲဘော်တယောက်က DVB ကို ပြောပါတယ်။
“အဓိက အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို တောက်လျှောက်တိုးလာတာ၊ တော်လှန်ရေးအဖွဲ့တွေက ဒီဘက်မှာ နယ်မြေစိုးမိုးမှု ရယူထားတော့ သူတို့ဝင်တာနဲ့ ထိတွေ့မှုက ဖြစ်တာပဲ၊ ဒီရက်ပိုင်းထဲတောင် ဖြစ်နေသေးတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၇ နာရီခန့်က ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးကို အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွန်၊ ကရင်၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ယောက် သေဆုံးပြီး တော်လှန်ရေးဘက်က ရဲဘော် ၂ ယောက် ကျဆုံးကာ လက်နက်ခဲယမ်းတချို့ကိုလည်း စစ်တပ်က သိမ်းဆည်းသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း အခုလို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဲဒီစစ်ကြောင်းမှာ စစ်မှုထမ်းတပ်သားသစ် အများဆုံး ပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာထဲဝင်ရောက်ကာ အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံတာ၊ စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ ရေးမြို့နယ်မြောက်ပိုင်းနေ အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
အလားတူ စစ်ကြောင်းထိုးတဲ့အခါ လမ်းမှာတွေ့တဲ့ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်နေသလို ဥယျာဉ်ခြံထဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိုလည်း PDF နဲ့ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးတာ ရှိနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ သူတို့(စစ်တပ်)စစ်ကြောင်း ရွာထဲ ခြံထဲ ဝင်လာတာရှိတယ်။ ဒီလထဲမှာပဲ နှစ်ခါလောက်ရှိတယ်၊ စံပြရွာဘက်မှာလေ၊ ရွာမှာက ဖွင့်ထားတဲ့ဆိုင်တွေကို လိုက်စစ်၊ PDF တွေနဲ့ ပတ်သက်နေလား မေးတယ်ပေါ့၊ ဈေးဖိုးပိုက်ဆံတွေ့တော့ ယူသွားတာပဲ၊ တချို့ထွက်ပြေးကြတာ ရှိတယ်လေ၊ အိမ်ထဲက ပစ္စည်းကောင်းတွေ အကုန်သယ်ယူသွားတာ။”
လက်ရှိ စစ်ကောင်စီစစ်ကြောင်းတချို့ဟာ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးဘဲ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း နေရာတချို့မှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တာနဲ့ တော်လှန်ရေးတပ်တွေ ရှိနိုင်တဲ့ နေရာကို ကင်းထောက်တာတွေ လုပ်ဆောင်နေတယ်လို့ ရဲဘော်တချို့က ပြောပါတယ်။
ရွေးကောက်ပွဲပြီးလို့ တကျော့ပြန် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေကို အလွန်အကျွံ အသုံးပြုထားပြီး လက်နက်ကြီးပစ်ကူအားတွေကြောင့် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကနေ စွန့်ခွာသွားတာမျိုး ရှိနေပါတယ်။










