DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းနယ်မြေကို ခွဲခြမ်းမယူနိုင်ကြောင်း ကုလညီလာခံတွင် မဲခွဲဆုံးဖြတ်
DVB
·
February 25, 2026
ယူကရိန်းနယ်မြေကို ခွဲခြမ်းမယူနိုင်ကြောင်း ကုလညီလာခံတွင် မဲခွဲဆုံးဖြတ်
Donate to DVB

ယူကရိန်းရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ စုစည်းမှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထောက်ခံထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၀၇ မဲနဲ့ ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုလိုက်ပါတယ်။

ယူကရိန်းမှာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးအတွက် ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ နိုင်ငံ ၁၂ နိုင်ငံရှိခဲ့ပြီး ကြားနေတဲ့နိုင်ငံ ၅၁ နိုင်ငံ ရှိခဲ့ပါတယ်။ ကျန်နိုင်ငံတွေကတော့ မဲပေးရာမှာ မပါဝင်ခဲ့ပါဘူး။

မဲမခွဲမီမှာ အမေရိကန်က နယ်မြေတည်တံ့ခိုင်မြဲမှု စာသားကို ဖြုတ်ချပြီးတော့ ငြိမ်းချမ်းရေး သီးသန့်ပဲ ဖော်ပြဖို့ ကြိုးစားခဲ့ရာမှာ ညီလာခံက ကန့်ကွက်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကို ဥရောပနိုင်ငံအများစုနဲ့အတူ မြန်မာနိုင်ငံကလည်း ထောက်ခံခဲ့ပါတယ်။ ရုရှားနဲ့ အီရန်၊ မြောက်ကိုရီးယား၊ ဘီလာရုစ်၊ ကျူးဘား စတဲ့ ရုရှားမဟာမိတ်တွေက ကန့်ကွက်ခဲ့ကြတာပါ။

သူပြင်ချင်တဲ့အတိုင်း ပြင်ခွင့်မရတော့ အမေရိကန်ဟာ၊ တရုတ်၊ ဘရာဇီး၊ အိန္ဒိယ၊ ဟန်ဂေရီတို့နဲ့ အတူ ကြားနေခဲ့တာတော့ ထူးခြားပါတယ်။

ဆုံးဖြတ်ချက်မှာ ချက်ချင်း၊ ချွင်းချက်မရှိ အပစ်ရပ်ဖို့၊ စစ်အကျဉ်းသားလဲလှယ်ဖို့၊ တရားမဝင် ဖမ်းဆီးထားတဲ့ အရပ်သားတွေ အားလုံး ပြန်လွှတ်ပေးဖို့လည်း ပါရှိပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိပေမဲ့ နိုင်ငံရေးအရ လေးနက်မှုရှိသလို ရုရှားကျူးကျော်စစ် ၄ နှစ်ပြည့်ချိန်မှာ ယူကရိန်းနဲ့ အတူရှိကြောင်း ပြသတာလည်း ဖြစ်ပါတယ်။

အဓိက အာဏာရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ ကျူးကျော်သူ ရုရှားကိုယ်တိုင် ဗီတိုအာဏာသုံးနိုင်တာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ဆုံးဖြတ်ချက် မချမှတ်နိုင်ပါဘူး။

လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီစစ်ပွဲဟာ “လူသားအားလုံးရဲ့ အသိတရားပေါ်က အမည်းစက်တခု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာပဲ အမေရိကန် ကုလသမဂ္ဂ ဒုတိယကိုယ်စားလှယ် တမ်မီဘရုစ်က တရုတ်နိုင်ငံဟာ ရုရှားစစ်တပ်အတွက် အဓိက အားပေးကူညီနေသူ ဖြစ်တယ်လို့ စွပ်စွဲခဲ့တာကြောင့် အမေရိကန်နဲ့ တရုတ်အကြား အချေအတင် ဖြစ်ခဲ့ကြပါသေးတယ်။

ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာလည်း ရုရှားသံအမတ် စကားပြောနေချိန်မှာ ဥရောပသံတမန်အများစုဟာ အစည်းအဝေးခန်းထဲကနေ ထွက်ခွာပြီး ဆန္ဒပြခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013