DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယား နယ်စပ်ရှိ ထိုင်းစစ်တပ် လက်နက်တိုက် မီးလောင်ပေါက်ကွဲ
DVB
·
February 25, 2026
ကမ္ဘောဒီးယား နယ်စပ်ရှိ ထိုင်းစစ်တပ် လက်နက်တိုက် မီးလောင်ပေါက်ကွဲ
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ စူရင်းခရိုင်၊ စူရင်းမြို့နယ်ရှိ ထိုင်းနယ်ခြားစောင့်တပ် အမှတ် ၂၁ ဝင်းထဲက လက်နက်သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ က စူရင်းမြို့နယ်၊ ချနိန်အုပ်စု အမှတ် ၂၁ ဒေသ နယ်ခြားစောင့်တပ် လက်အောက်ခံ  စူရင်းဖတ်ဒီတပ်စခန်းထဲမှာ ပေါက်ကွဲသံတွေ အရင်ကြားရပြီးတဲ့နောက် မီးတောက်မီးလျှံတွေ ကောင်းကင်ပေါ် တက်လာတာလို့ မျက်မြင်ဒေသခံတွေက သတင်းထောက်ကို ပြောပါတယ်။

နယ်ခြားစောင့်တပ်အရာရှိတယောက်ကလည်း အဆိုပါပေါက်ကွဲမှုဟာ လက်နက်တိုက်က ဖြစ်ပြီး ပေါက်ကွဲမှု အပိုင်းအစတွေ လွင့်စဉ်တာကြောင့် လက်နက်တိုက်အစောင့် ရဲတပ်ကြပ်ကြီးတယောက် ဒူးခေါင်းနဲ့ ပေါင်မှာ ဒဏ်ရာရကာ အရေးပေါ်ဆေးရုံပို့ထားရပါတယ်။

တခြား ထိခိုက်သေဆုံးသူတော့ မရှိဘူး၊ နယ်ခြားစောင့်တပ် မိသားစုဝင်တွေအားလုံးကတော့ ဝင်းထဲကနေ တခြားဘေးကင်းလုံခြုံတဲ့နေရာတွေ အသိဆွေမျိုးအိမ်တွေမှာ ယာယီခိုလှုံနေရတယ်။ 

မီးသတ်တပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မီးကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်၊ အခင်းဖြစ်တဲ့ နေရာကို စူရင်းခရိုင်ဝန်ကိုယ်တိုင် လာရောက်စစ်ဆေးသွားတယ်၊ မီးငြိမ်းသွားပေမဲ့လည်း အန္တရာယ်ရှိဇုန် ဖြစ်တာကြောင့် ဝင်ထွက်သွားလာခွင့်၊ ဖြတ်သန်းသွားလာမှု ယာယီပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း EDO မိုင်းရှင်းလင်းရေးအဖွဲ့ကလည်း မပေါက်ကွဲသေတဲ့ လက်နက်တွေကို လိုက်လံရှာဖွေရှင်းလင်းနေသလို အနီးနားတဝိုက်ရှိ တခြားသော လက်နက်တိုက်တွေရဲ့ လုံခြုံရေးအတွက်လည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

အဆိုပါစစ်စခန်းဟာ ကမ္ဘောဒီးယားနယ်စပ်နဲ့ ၃၀ ကီလိုမီတာ ကွာဝေးပြီး လုံခြုံမှုကောင်းတာကြောင့် လက်ရှိ တင်းမာမှုတွေ ပြန်ဖြစ်နေတဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့တော့ သက်ဆိုင်မှုမရှိဘူးလို့  ဆိုပါတယ်။

မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အမှတ် ၂၅ စစ်ဒေသကွပ်ကဲ‌ရေးမှူး ရဲမှူးချုပ် ချိုင်းနခွန်းကစ်ခနကတော့ လက်ရှိ ရာသီဥတုပူပြင်းတာက တကြောင်း၊ လက်နက်တိုက်မှာ လေဝင်လေထွက် မကောင်းတာကြောင့် လည်းကောင်း အပူလွန်ကဲပြီး ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။

အဆိုပါလက်နက်တိုက်မှာ RPG လို လက်နက်ကြီးတွေအပါအဝင် အမ်-၇၆ နဲ့ သေနတ်အမျိုးမျိုး၊  ကျည်ဆန်အမျိုးမျိုးပါ စုစုပေါင်း ၈၀၀ မျိုး သိုလှောင်ထားပြီး  ပျက်စီးဆုံးရှုံးမှု အသေးစိတ်နဲ့ တန်ဖိုးကိုတော့ ထိုင်းတပ်မတော်က စိစစ်ဆဲဖြစ်ပြီး တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘူးလို့  ဆိုပါတယ်။ 

Source:  Thairath News / ThaiPBS News / CH7HD News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013