DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီးထိုးစစ်ဆင်နေသော်လည်း ရှေ့မတိုးနိုင်သေး
DVB
·
February 25, 2026
ဖလမ်းမြို့ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီးထိုးစစ်ဆင်နေသော်လည်း ရှေ့မတိုးနိုင်သေး
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ခုခွဲပြီးထိုးစစ်ဆင်နေပေမဲ့ စစ်ကြောင်း ၂ ခုက  မြို့နဲ့ ၁၃ မိုင်အကွာကနေ ရှေ့ဆက်မတက်နိုင်ဘဲ၊ တပ်ကူတက်လာတဲ့ ကျန်စစ်ကြောင်းကတော့ မြို့နဲ့ မိုင် ၃၀ ဝန်းကျင်အကွာက ထင်းရှူးစခန်းကိုရောက်နေပြီး တိုက်ပွဲဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်က ဖလမ်းမြို့ကိုပြန်ရဖို့ ပြီခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက စစ်‌ကြောင်းထိုးနေပြီး ၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက်အထိဆို ၄ လဝန်းကျင်ကြာမြင့်လာပါပြီ။

လက်ရှိအချိန်ထိကတော့ ဖလမ်းမြို့ရဲ့ မြောက်ဘက် ၁၃ မိုင်ဝန်းကျင်မှာရှိတဲ့ ခွန်းလီရွာ၊ မြို့ရဲ့တောင်ဘက် ၁၃ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ဆွန်ဟရန်ရွာတွေမှာ ကတုပ်ကျွင်းတွေတူးပြီး အခိုင်အမာ စခန်းဆောက်ကာ ထိုးစစ်ရပ်တန့်နေပါတယ်။

ဒါကြောင့်ပဲ ကလေး-သိုင်းငင်း-ဖလမ်း လမ်းကနေတဆင့် တပ်ကူတွေထပ်ပို့ခဲ့ပြီး အခုနောက်ဆုံး မြို့နဲ့ မိုင် ၃၀ ဝန်းကျင်အကွာက ထင်းရှူးစခန်းဆီရောက်ရှိနေပြီလို့ သိရပါတယ်။

CNO/ CNDF  မှ ဆလိုင်းတင်မီထွဋ်က “ ထင်းရှူးစခန်းလို့ခေါ်တယ်။ စခန်းဟောင်းပေါ့ အရင်တုန်းက စကစ အခြေချခဲ့တဲ့ စခန်းဟောင်းဖြစ်ပါတယ်။ အဲဒီနေရာထိရောက်ပါပြီ။ နောက်ထပ်စစ်ကြောင်း ၂ ခုကတော့ ဆွန်ဟရန် ဘက်မှာရှိတဲ့စစ်ကြောင်းရယ်၊ ခွန်းလီ ဘက်မှာရှိတဲ့စစ်ကြောင်းကတော့ စနိုက်ပါနဲ့ အဝေးကနေပစ်တာ။ ဒရုန်းနဲ့ပစ်တာ အဲလောက် နောက်ပြီးတော့ သူတို့ဘက်ကနေလည်းအဲလိုမျိုး ပုံစံပေါ့။ လက်နက်ကြီးနဲ့ထုတာ အဲလောက်ပါပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရောက်ရှိနေတဲ့ အဲဒီထင်းရှူးစခန်းကို ဖေဖော်ဝါရီ ၂၂ ရက်၊ မနက်ပိုင်းမှာ ချင်းတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် သိမ်းပိုက်ရရှိခဲ့ပေမဲ့ ညနေပိုင်းမှာ လေကြောင်း ကနေဆက်တိုက်ဗုံးကြဲတာကြောင့် ပြန်ဆုတ်ပေးခဲ့ရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေကြောင့်အပြင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ကျရောက်တဲ့ ချင်းအမျိုးသားနေ့တုန်းကလည်း ဖလမ်းမြို့ဝန်းကျင်က ကျေးရွာ ၉ ခုထက်မနည်းကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် စစ်ရှောင်တွေတိုးထပ်တိုးလာခဲ့ပါတယ်။

ဖလမ်းနယ်ခံ စစ်ရှောင်အမျိုးသားတယောက်က “မြို့ဘက်ကိုရှောင်တဲ့သူတွေကလည်း အိမ်ငှားရှာဖို့ ကခက်တယ်။ အိမ်ငှားခတွေကလည်း ဈေးကြီးတယ်။ မြို့ပေါ်ရောက်တော့လည်း အလုပ် အကိုင်ကမရှိ။ တချို့ရွာဘက်တွေဆိုရင်တော့ ဆန်ဆီဆားတွေကအစ မန္တလေးကနေ တက်လာတယ် ဆိုတော့လေ အဲတာတွေက အခုလမ်းတွေကပိတ်နေတော့ ပိုက်ဆံရှိရင်ဝယ်ဖို့ ဆန်ဆီဆားတွေက ဝယ်ဖို့အခက်ခဲတွေရှိနေတယ် ခုတလော။ ဒီလိုမျိုးအခက်ခဲ အကြပ်တည်းတွေနဲ့ရင်ဆိုင်ရတာဟာ ခံနိုင်ရည်အင်အားလည်း တော်တော်လေးနည်းလာပြီ”လို့ ပြောပါတယ်။

စစ်ရှောင်တချို့ဟာ အိန္ဒိယနိုင်ငံဘက်နဲ့ မြန်မာပြည်ထဲက တခြားမြို့တွေဆီ တိမ်းရှောင်ကြတာရှိသလို အများစုကတော့ နီးစပ်ရာ ကျေးရွာတွေဆီနဲ့ ယာခင်းကတဲတွေဆီကိုသာ စစ်ရှောင်ကြတဲ့အကြောင်း ဒေသခံကဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ရှောင်တွေကို ကူညီနေသူရှိတဲ့အကြောင်း မသိရသေးသလို ဖလမ်းမြို့နယ်တခုလုံးရဲ့ စစ်ရှောင်စာရင်းတွေကို ပေါင်းလိုက်ရင် ၁၀,၀၀၀ ကျော်ရှိနိုင်ကြောင်း သူကခန့်မှန်းပြောပါတယ်။

 စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013