DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်ရန် စစ်တပ်က ယောနယ်ထဲ အင်အားနှင့် ရိက္ခာဖြည့်
စိုးသူအောင်
·
July 15, 2026
Photo: DVB
Photo: DVB
Donate to DVB

ချင်းပြည်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်ကို ထိုးစစ်ဆင်ဖို့အတွက် စစ်အာဏာရှင်တပ်က ကျောက်ထုနဲ့ ဆောမြို့တွေဆီကို တပ်အင်အား ၁,၀၀၀ ဝန်းကျင် ထပ်မံပို့ဆောင်ထားပြီး နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့အကြောင်း မကွေး PDF နဲ့ ဒေသခံက ပြောပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်ရရေး စစ်အာဏာရှင်တပ်က ယောနယ်ထဲကို တပ်အင်အား ၁,၀၀၀ ဝန်းကျင်အထိ ထပ်ပြီး တပ်ကူတွေ ပို့နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မင်းတပ်-ကျောက်ထုဘက်ကိုတော့ ပေါက်အခြေစိုက် ကပစ ၂၄ ကနေတဆင့် ကျောက်တံခါး-တပြင်း-ကျောက်ထုလမ်းအတိုင်း တက်လာခဲ့တာဖြစ်ပြီး ကန်ပက်လက်နဲ့ ဆောမြို့ဘက်ကိုတော့ လောင်းရှည်အခြေစိုက် ကပစ ၂၅ ကနေ တက်လာနေတာဖြစ်ပါတယ်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က “အင်အားကတော့ မင်းတပ်ဘက်ကို ၅၀၀ ၀န်းကျင်ပါ၊ ကပစ ၂၄ ကနေ တဆင့်ပို့တာပါ။ ၇၇ က တချို့ပါမယ်။ ၉၉ က များပါတယ်။ ၂ လပိုင်းက သင်တန်းစတက်ပြီး ၇ လပိုင်း သင်တန်းဆင်းတွေကို တန်းပို့တာပါ။ တချို့တပ်တွေ ရောက်နေပြီ။ ကန်ပက်လက်ဘက်ကလည်း ၅၀၀ ဝန်းကျင်ပါပဲ၊ ၇၇ နဲ့ ၉၉ ပါပဲဗျ။ သူကတော့ ရောက်ခါနီးပါပြီ။ အဓိကကတော့ ရှေ့ကိုတိုးနိုင်အောင် အင်အားထပ်ပို့တာပေါ့။ နောက်ဆုံးအခြေအနေကတော့ အဓိက ခုခံတိုက်ခိုက်နေတာ CDF နဲ့ AA တို့ ဖြစ်တဲ့အတွက် သူတို့ သတင်းထုတ်ပြန်ချက်ကိုပဲ ကြည့်ပါခင်ဗျ” လို့ ပြောပါတယ်။

ယောဒေသတွင်း ဒေသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်းကလည်း တပ်အင်အား၊ ရိက္ခာနဲ့ ခဲယမ်းတွေ သယ်ဆောင်ပြီး ကပစ ၂၄ က ထွက်ခွာလာတဲ့ စစ်ကြောင်းဟာ ၁၄ ရက်မှာတော့ ကျောက်ထုမြို့ကို ဝင်ရောက်ခဲ့ကြောင်း ရေးသားထားပါတယ်။

မကွေး-မင်းဘူး-စကု-စလင်း–စေတုတ္တရာကနေ ထွက်ခွာတဲ့ စစ်ကြောင်းကလည်း ဇူလိုင် ၁၃ ရက်မှာ လောင်းရှည် ကပစ ၂၅ ကို ရောက်ရှိခဲ့ပြီး ဆောမြို့ဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ ဆိုပါတယ်။

ယောနယ်ဒေသခံတယောက်ကတော့ စစ်တပ်က အင်အားဖြည့်လို့ သူကိုယ်တိုင် စစ်ရှောင်ခဲ့ရသလို မင်းတပ်ဝန်းကျင်ကို နေ့တိုင်း ဗုံးကြဲနေတယ်လို့ ပြောပါတယ်။

“လေကြောင်းဗုံးကြဲတာကတော့ ဒီ မင်းတပ်ကတော့ ရက်စက်ပါတယ်ဗျာ၊ နေ့တိုင်းပါ။ တနေ့က တခါတလေကျ ၁၀၊ ၁၅ ကြိမ် တနေ့တည်းနဲ့။ အနည်းဆုံး မချပါဘူးဆို အနည်းဆုံး ၇ ကြိမ် ၈ ကြိမ်ကတော့ လာချနေတာပါ။ ထင်ချောင်းလမ်းခွဲလေးရဲ့ အထက်ဘက်ကို ကြဲချတာဗျ။ အဲဒီ ဆော-လောင်းရှည်ဘက်က ထွက်လာတဲ့ဟာတွေရော၊ အဲဒီ မင်းတပ်ကိုတက်တဲ့ လမ်း‌ကြော အကုန်လုံး တောက်လျှောက်ချတာ အဲဒီတောင်ရိုးကတော့။ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ထင်ချောင်းလမ်းခွဲရဲ့ အထက်ဘက်ကပေါ့ အကုန်လုံး တောက်လျှောက်ပါဗျာ၊ ထွဋ်ခေါင်ကြီး အောက်ဘက်ကို တောက်လျှောက်ပါ၊ ဖြစ်နေတာကလည်း ထွဋ်ခေါင်ကြီးရဲ့ အပေါ်ဘက်တွေ၊ တောင်ဘက်တွေ မြောက်ဘက်တွေ အဲဒီ အကုန်လှမ်းထုနေတာကို။”

ကျောက်ထု-ပေါက် လမ်းကြောပေါ်က တပြင်းရွာမှာ တပ်စွဲထားတာ ၂ လဝန်းကျင် ရှိလာပြီး လေယာဉ်ကွင်းနဲ့ ၃ မိုင်လောက်အကွာက ပန်းဆန်ရွာနဲ့ သရက်ချဉ်ရွာဝန်းကျင်မှာလည်း ဘန်ကာဆောက်ပြီး တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမတ ၃၆၈ ထဲကိုလည်း လေကြောင်းကနေ ရိက္ခာတွေ ဆက်တိုက်ပို့နေတာကြောင့် ဇူလိုင်လထဲ ထိုးစစ်တွေပြန်စပြီး တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာနိုင်အကြောင်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

တဖက်မှာလည်း စစ်ကြောင်းထိုးတာ၊ လေကြောင်းဗုံးကြဲတာနဲ့ တိုက်ပွဲတွေကြောင့် မင်းတပ်နဲ့ ယောဒေသထဲက ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013