
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တို့ကို စစ်အာဏာရှင်တပ်က အင်အား ၂,၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတာကြောင့် မေလ အလယ်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA) က ဇွန် ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အောင်မြင်စွာ ခုခံဟန့်တားထားနိုင်တာကြောင့် စစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်မှုတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်နေတယ်လို့ CPA က ပြောထားပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ကို ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ စစ်တပ်ကို ခုခံတိုက်ထုတ်ရာမှာလည်း ချင်းပြည်သူတွေအနေနဲ့ မိမိတို့ တက်စွမ်းသလောက် အားပေးကူညီ ပူးပေါင်းကြဖို့နဲ့ ချင်းပြည်သူ့တပ်မတော် (CPA) အနေနဲ့လည်း ချင်းပြည်သူ၊ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင် နယ်မြေတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့လည်း ပြောထားပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ ပက်သက်ပြီးတော့ သတင်းမှားတွေ၊ ကောလာဟလသတင်းတွေ၊ အတည်မပြုနိုင်တဲ့ သတင်းမှားတွေ အွန်လိုင်းပေါ်ရှိ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတာကို တွေ့ရပြီး အဲဒီ သတင်းမှားတွေဟာ ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေကာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်မှုတွေကိုသာ နားစွင့်ကြဖို့လည်း အသိပေးထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်မြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံမြို့နယ်တို့ကို သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်တောင်ပိုင်းက မြို့နယ်တွေကို ထိုးစစ်ဆင်နိုင်ဖို့အတွက် မကွေးတိုင်း ဆောမြို့နယ်ကတဆင့် အင်အားထောင်နဲ့ချီပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ထိုးစစ်တွေကြောင့် မင်းတပ်၊ ကန်ပက်လက်နဲ့ ဆောမြို့နယ်တို့က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရပြီး အမိုးအကာနဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသတွင်း လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။










