DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မင်းတပ်၊ ကန်ပက်လက်နှင့် ကျင်ဒွေးကို စစ်တပ်က ထိုးစစ်ဆင်နေတာ ဘာကြောင့်လဲ 
စိုးသူအောင်
·
October 1, 2026
Photo: စစ်ရေးသတင်းရင်းမြစ် (ပုံဟောင်း)
Photo: စစ်ရေးသတင်းရင်းမြစ် (ပုံဟောင်း)
Donate to DVB

မကွေးတိုင်း၊ ယောဒေသထဲကို လက်နက်ခဲယမ်းရိက္ခာတွေအပြင် အတွဲလိုက်ပစ်ဒုံးယာဉ်တွေ ပါဝင်တဲ့ ကားအစီးရေ ၂၀၀ နီးပါးရောက်ရှိလာပြီးတဲ့နောက် စစ်အာဏာရှင်တပ်က ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေတင်မက ကျင်ဒွေးမြို့ကိုပါ ဆက်လက် ထိုးစစ်ဆင်လာပါတယ်။

လောင်းရှည်အခြေစိုက် ကပစ ၂၅ ထဲကို အတွဲလိုက်ပစ်ဒုံးယာဉ်တွေအပါအဝင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အာဏာရှင်စစ်တပ်ဟာ စက်တင်ဘာလ နောက်ဆုံးပတ်မှာတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကိုပါ ထိုးစစ်ဆင်လာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ခန့်မှန်းအင်အား ၅၀၀ ဝန်းကျင်ပါဝင်တဲ့ အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၆ ရက်လောက်ကစလို့ လောင်းရှည်အနောက်ပိုင်းမှာရှိတဲ့ အင်ဘူးရွာ၊ ရင်းကဲရွာနဲ့ ဆွဲလွဲကျင်းရွာတွေဘက်ကို လေကြောင်းပစ်ကူသုံးပြီး ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၁ ရက်အထိကတော့ လောင်းရှည်ဘက်က ဆွဲလွဲကျင်းရွာနဲ့ ကျင်ဒွေးလမ်းပေါ်က မဆွာတီရွာ ဝန်းကျင်တွေမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ယောဒေသခံ စစ်ရေးရင်းမြစ်တယောက်က  "လာတာကအင်အား ၅၀၀ ပေါ့နော်၊ ထိတွေ့ဖြစ်တာနဲ့ ထိခိုက်ဒဏ်ရာနဲ့ဆိုရင်တော့ ၄၀၀ ကျော်လောက်တော့ကျန်ဦးမယ်ဗျ။ အဲဒီလောက်တော့ အဲတာဆိုလို့ရှိရင်လို့ ကျနော် မှန်းရင်တော့ ၂၀၀ လောက်တော့ ရောက်လောက်ပြီလို့ ဒီမဆွာတီရွာထဲမှာတော့။ မဆွာတီနဲ့ ဆွဲလွဲကျင်းကြားမှာလည်းပဲ သူတို့ အင်အားတွေ၊ ကင်းပုန်းတွေ ချန်ထားခဲ့တာရှိတယ်လို့ ပြောတယ်။ ကန်ပက်လက်နဲ့ ဆောကြားကလည်း ရှိတာပဲ စစ်ရေးလှုပ်ရှားမှု။ ကျောက်ထုနဲ့ မင်းတပ်ကြားကလည်း စစ်အုပ်စုဘက်က ရှိနေတာပဲ စစ်ရေးလှုပ်ရှားမှုကတော့ ကိုယ့်ဘက်ကတော့ ကြည့်နေတဲ့ အဆင့်ပဲရှိသေးတယ်။ လှုပ်ရှားမှုက နည်းနည်း ကျယ်ပြန့်လာတယ်လို့တောင် ပြောလို့ရတယ်။ ဘာကြောင့်လဲဆို‌တော့ ဒရုန်းတွေနဲ့ပါ တောက်လျှောက်ကင်းထောက် ဗုံးကြဲ အဲလိုတွေဖြစ်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ယောနယ်ထဲက မြေပြင်စစ်ကြောင်းတွေဟာ ဒေသခံတွေရဲ့ နွားလှည်းတွေကို ချောဆွဲပြီး ရိက္ခာသယ်ယူတာ ရှိနေသလို၊ ရွာတွေထဲကို ဝင်ရောက်ရာမှာလည်း မြင်ကွင်းရှင်းဖို့ အကြောင်းပြချက်နဲ့ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာရှိနေတယ်လို့ ယောဒေသခံက ပြောပါတယ်။

စစ်အာဏာရှင်တပ်ဘက်က အခုလိုထိုးစစ်ဆင်တာဟာ သာမန်နယ်မြေစိုးမိုးရေးထက် ပိုကြီးမားတဲ့ စစ်ရေးရည်မှန်းချက် ရှိနေပါတယ်။

ဒါဟာ မဟာဗျူဟာမြောက်အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က  သုံးသပ်ပါတယ်။

"ရခိုင်နဲ့ ချင်းပြည်ကို ထပ်ပြီးတော့ ပိတ်တဲ့ အနေအထားမျိုးပဲ။ မင်းတပ်နဲ့ ကန်ပက်လက်မှာကလည်း သူတို့ တိုက်စစ်မအောင်မြင်ဘူးဆိုပေမဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်နဲ့ကို ဒီ မကွေးတိုင်းနဲ့ လုံးဝ ပိတ်ဆို့တာပေါ့။ အခု ဒါနောက်ဆုံးလက်ကျန်တပေါက်ပေါ့။ ကျင်ဒွေးဆိုတာက ကျင်ဒွေးကနေ တဆင့် ကန်ပက်လက်၊ ကန်ပက်လက်ကနေမှတဆင့် ရခိုင်ပြည်နယ်ထဲကို ဝင်တဲ့ လမ်းကြောင်းရှိတယ်ပေါ့နော်။ အဲ့ဒီတော့ သူတို့က ကျင်ဒွေးကို တပ်မ ၇၇ ရဲ့ ဗျူဟာတခုနဲ့စပြီးတော့ မဆွာတီရွာကိုရောက်တယ်။ ပြီးရင်လည်း အဲဘက်လမ်းကြောင်း တလျောက်မှာရှိတဲ့ အင်ဘူးတို့ ဆွဲလွဲကျင်းတို့မှာ အဲဒီတဗျူဟာက တပ်ဖြန့်ထားတဲ့ အနေအထားမျိုးပဲ။ အဲတော့သူတို့က ကျင်ဒွေးကို သိမ်းပိုက်ဖို့ထက် ချင်းပြည်နယ် တောင်ပိုင်းနဲ့ ရခိုင်နဲ့ကို အဆက်ဖြတ်ဖို့ပဲ။"

စစ်အာဏာရှင်ရဲ့ ဒီလို ရခိုင်၊ ချင်းနဲ့ မကွေးတိုင်း ၃ ခုဆက်နေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းတာကြောင့် ယောဒေသနဲ့ ချင်းတောင်ခြေတလျှောက်မှာ စစ်ရေးတင်းမာမှုတွေဟာ အမြင့်ဆုံး အခြေအနေကိုရောက်ရှိနေပါတယ်။

တဖက်မှာလည်း မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းရန်တွေကြောင့် ဒေသခံပြည်သူ အများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013