DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား လေယာဉ်တိုက်ခိုက်ခံရမှု Nikkei သတင်းဖော်ပြချက် ဂျပန်ရောက် မြန်မာများကန့်ကွက်
DVB
·
February 24, 2026
မြစ်ကြီးနား လေယာဉ်တိုက်ခိုက်ခံရမှု Nikkei သတင်းဖော်ပြချက် ဂျပန်ရောက် မြန်မာများကန့်ကွက်
Donate to DVB

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းသတင်းဌာန Nikkei (Nihon Keizai Shimbun) မှာ ဖော်ပြခဲ့တဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်တိုက်ခိုက်ခံရမှု သတင်းနဲ့ပတ်သက်ပြီး မြေပြင် အချက်အလက်မှန်တွေကို လျစ်လျူရှုဖော်ပြထားတာကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်က Nikkei သတင်းမှာ “မြန်မာ့တော်လှန်ရေးအင်အားစုများက ခရီးသည်တင်လေယာဉ်ကို ဒရုန်းဖြင့်တိုက်ခိုက်ကာ အရပ်သားများကိုပါ ပစ်မှတ်ထားလာ” ဟူသော ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့တာပါ။ 

ဒါ့အပြင် တိုက်ခိုက်ခံရတဲ့ ATR 72-600 အမျိုးအစား လေယာဉ်အား "အရပ်သား ခရီးသည်တင်လေယာဉ်" အဖြစ်သာ ပုံဖော်ထားပြီး စစ်ကောင်စီက အဆိုပါလေယာဉ်တွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနေတဲ့ အမှန်တရားကို ချန်လှပ်ထားခဲ့တယ်လို့ ကန့်ကွက်သူတွေက ပြောပါတယ်။

“အခုလို တဖက်သတ်ဆန်သော ရေးသားမှုဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ နိုင်ငံတကာ သံတမန်ရေးရာနဲ့ ပုံရိပ်ကို များစွာ ထိခိုက်စေနိုင်တဲ့အတွက် အထူးစိုးရိမ်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော Justice for Myanmar (JFM) ရဲ့ အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ်တွေကို စစ်ရေးအရ အလွဲသုံးစားပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လေတပ်ဟာ အနည်းဆုံး ATR လေယာဉ် ၁၀ စီးခန့်ကို ပိုင်ဆိုင်ထားပြီး အဆိုပါလေယာဉ်တွေနဲ့ စစ်သည်အင်အား ရွှေ့ပြောင်းတာ၊ လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်တာနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မရစ်ဇမ်ဘူးက “စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ရေးယန္တရားတွေအတွက် ATR လေယာဉ်တွေကို သုံးနေတာကို JFM ရဲ့ အစီရင်ခံစာတွေက သက်သေပြနေပါတယ်။ Nikkei လို သတင်းဌာနကြီးတခုက ဒီလို အချက်အလက်တွေကို သေချာမစုံစမ်းဘဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုအတိုင်း တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သမားအဖြစ် ပုံဖော်ရေးသားတာဟာ သတင်းကျင့်ဝတ်နဲ့ မညီပါဘူး။ ဂျပန်အစိုးရ၊ နိုင်ငံရေးသမားတွေနဲ့ ဂျပန်ပြည်သူတွေဆီကို သတင်းအမှားတွေ မရောက်စေချင်ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ထံ ATR လေယာဉ် အပိုပစ္စည်းတွေ ရောက်ရှိနေမှုနဲ့ ပတ်သက်ပြီး Airbus, Virgin Australia နဲ့ ST Engineering စတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ တုံ့ပြန်ထားပေမဲ့ အခြားသော လေကြောင်းဆက်စပ် ကုမ္ပဏီများစွာကတော့ နှုတ်ဆိတ်နေဆဲဖြစ်ကြောင်း JFM က ထောက်ပြထားပါတယ်။

Nikkei သတင်းဌာနရဲ့ ရေးသားချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိရှုပ်ထွေးနေသော စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေမှန်ကို လုံးဝ မျက်ကွယ်ပြုထားတာဖြစ်ပြီး ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူတွေအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေမယ့် သတင်းဖော်ပြမှုအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ အချက်အလက်မှန်တွေကို ပြန်လည်ဖော်ပြပေးဖို့ တောင်းဆိုကြမယ်လို့လည်း သိရပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013