
နယူးယောက်မြို့ခံတွေဟာ နှင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရပြီး “ဒါက တသက်မှာ တခါပဲကြုံရမဲ့ မုန်တိုင်းပါ” လို့ မန်ဟက်တန်မြောက်ပိုင်းမှာ ခွေးနဲ့ လမ်းလျှောက်ထွက်နေတဲ့ အဲလိဇဘက် အက်ဇယ် ဆိုသူက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
“နောက်ဆုံးမုန်တိုင်းကြီးနဲ့အတူ ဒီမှာရှိနေခဲ့တယ်။ ၂၀၁၆ ခုနှစ်လောက်ကလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလောက်တော့ မဆိုးပါဘူး” လို့ နယူးယောက်မြို့သား ဂျိုနသန် ချမ့်ပ်မဲန်းက သူ့ကားကို တူးထုတ်ရင်း ပြောပါတယ်။
အားကောင်းတဲ့ ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းတလွှားက ပြည်နယ်တွေမှာ ကျောင်းတွေပိတ်ခဲ့ရပြီး ရုံးတွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အရေးပေါ်အစီအစဉ်တွေ ချမှတ်ခဲ့ရပါတယ်။
ဒေသတွင်း တာဝန်ရှိသူတွေက နှင်းထူထပ်မှု၊ လေပြင်းတိုက်ခတ်မှုနဲ့ အန္တရာယ်ရှိတဲ့ ခရီးသွားလာမှု အခြေအနေတွေကို သတိပေးခဲ့ပါတယ်။
မုန်တိုင်းကြောင့် ဝါရှင်တန်ကနေ နယူးအင်္ဂလန်အထိ အရှေ့ကမ်းရိုးတန်းတလျှောက် ခရီးသွားလာမှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။
အရာရှိတွေက လူတွေကို လမ်းမတွေပေါ် မတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အရှေ့မြောက်ပိုင်းက ဆောင်းရာသီဟာ စာတိုက်နဲ့ ပါဆယ်တွေ စီမံဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ ပို့ဆောင်ရေးတို့ကိုလည်း နှေးကွေးစေနိုင်တယ်လို့ အမေရိကန် စာတိုက်ဝန်ဆောင်မှုဌာနက ပြောပါတယ်။
နိုင်ငံရဲ့ အကြီးဆုံးကျောင်းခရိုင်ဖြစ်တဲ့ နယူးယောက်စီးတီးမှာ နှင်းကျတဲ့နေ့အတွက် အစိုးရကျောင်း အဆောက်အအုံအားလုံးကို ပိတ်ထားဖို့ အမိန့်ပေးခဲ့ပြီး အဝေးထိန်းသင်ကြားမှုမရှိဘဲ အစီအစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။
မြို့တော်ဝန် ဇိုရန် မမ်ဒါနီက အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက် ညကနေ ၂၃ ရက် မွန်းတည့်အထိ မြို့လမ်းတွေမှာ မရှိမဖြစ်လိုအပ်မှသာ ယာဉ်တွေထွက်ဖို့ အမိန့်ပေးခဲ့ပြီး နှင်းတွေ ပိုပြင်းထန်လာတာနဲ့အမျှ လမ်းတွေကို ရှင်းဖို့ ထွန်စက်တွေနဲ့ အရေးပေါ်အဖွဲ့တွေ လိုတယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ နယူးယောက်မြို့ဟာ နှင်းမုန်တိုင်း သတိပေးချက်အောက်မှာ ရှိနေခဲ့ပါတယ်။
Source: Reuters










