
ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ်က ဆေဗီယိုလော့ဗ်စကီး ရထားဘူတာရုံအနီးမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတယောက်နဲ့ ဖောက်ခွဲရေးပစ္စည်း လာထောင်သူလို့ သံသယရှိသူတယောက်တို့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက CCTV ဗီဒီယိုမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ရာမှာ သံသယရှိသူတယောက်က မော်စကိုမြို့လယ်က ဆေဗီယိုလော့ဗ်စကီး ဘူတာရုံအပြင်ဘက်မှာ ရပ်ထားတဲ့ ရဲကားတစီးနားကို ချဉ်းကပ်လာပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခုကို လာချထားခဲ့တာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် နောက်ထပ် ရဲအရာရှိ ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းချက် ဒါမှမဟုတ် နောက်ကွယ်က တစုံတရာ လှုံ့ဆော်ချက်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပြောကြားသေးပါဘူး။
Source: Reuters










