
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကုန်းတဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီ ၂၂ ရက် ၁၀ နာရီကျော်အချိန်က သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်းတဲကျေးရွာအုပ်စု၊ ကုန်းတဲ(တောင်) ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ကို အမည်မသိ လက်နက်ကိုင် ၄ ယောက်က မော်တော်ဆိုင်ကယ် ၂ စီးနဲ့ လာရောက်လာပြီး သေနတ် နဲ့ ပစ်သတ်သွားတာလို့ ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က ပြောပါတယ်။
''အုပ်ချုပ်ရေးမှူးက နေအိမ်မှာပစ်သတ်ခံရတာ။ ဆိုင်ကယ် နဲ့ လာတဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာ။ သေနတ်ဒဏ်ရာတွေမနည်းနဲ့ သေဆုံးသွားတာ။ အလောင်းကို ရဲတွေ လာစစ်ဆေးတာတွေ့ရတယ်။ ဘယ်အဖွဲ့က ပစ်သတ်တာလဲတော့ မသိဘူး။''
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ဟာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် မျက်ခုံးနှစ်ခုကြား ပြတ်ရှဒဏ်ရာ တချက်၊ ဝဲ-မျက်လုံး ဖူးရောင်ဒဏ်ရာ၊ ဝဲ-လက်မောင်း ပြတ်ရှဒဏ်ရာတချက်၊ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာတချက်၊ ယာဘက်နံဘေး ဖောက်ဝင်ဒဏ်ရာတချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာတချက်၊ ယာဘက်လက်ပြင်ဖောက်ဝင် ဒဏ်ရာတချက်၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာတချက်တို့ ရရှိကာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဘက်က တစုံတရာ မှတ်ချက်ထုတ်ပြန်တာမရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










