
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လာဘ်ငွေယူပြီး တရားခံဘက်က ရပ်တည်ကာ အမှုကို ဖျောက်ဖျက်ဖုံးဖိ ကာကွယ်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်အတွင်း ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ တရွာတည်းနေ အသက် ၂၀ ကျော်အရွယ် အကြီးကောင်ဆိုသူက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းနိုင်၊ ကန့်ဘက်စခန်းမှူး ရဲအုပ် အောင်မျိုးနဲ့ အပိုင်နယ်ထိန်း ရဲတပ်သား ဇေယျာလင်းတို့က တရားခံဆီက ငွေကျပ်သိန်း ၁၂၀ တောင်းယူပြီး အမှုကို ဖျောက်ဖျက်ဖုံးဖိကာကွယ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကလေးက အသက်အရမ်းငယ်တော့ မိသားစုဘက်ကလည်း ဥပဒေကြောင်းအရ ဘာလုပ်ရမလဲဆိုတာ မသိကြဘူး။ အဲဒီအပေါ် အခွင့်ကောင်းယူပြီး အုပ်ကြီးနဲ့ ရဲတွေက အမှုကို ဖုံးဖိထားတယ်လို့ သိရတယ်။ အမှုမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ အရေးယူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ ဆေးဝါးကုသမှုခံယူရတဲ့အထိ ဖြစ်ခဲ့ပေမဲ့ စစ်အာဏာရှင် လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဆေးဝါးကုသစရိတ် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးတာ မရှိဘဲ ကျူးလွန်သူဘက်က လာဘ်ငွေယူပြီး ကလေးမိဘတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ကလေးမိဘတွေက နွမ်းပါးတယ်။ ကျူးလွန်သူဘက်ကလည်း အမှုကို အရေးမထားဘူး။ ရဲနဲ့ အုပ်ကြီးက ငွေပေးတဲ့ဘက်ကိုပဲ ပါတယ်။ ကျူးလွန်ခံရတဲ့ဘက်ကို သရေဖျက်မှုနဲ့ အရေးယူမယ်လို့ ရဲနဲ့ အုပ်ကြီးက ပြောထားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျူးလွန်သူအမျိုးသားကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လာဘ်ငွေယူပြီး အလုပ်သွားလုပ်တယ်လို့ အကြောင်းပြကာ ခေတ္တတိမ်းရှောင်ခိုင်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ ကန့်ဘက်ကျေးရွာအုပ်စု၊ ကန့်ဘက်ရွာ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတယောက်က တရပ်ကွက်တည်းနေ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူဘက်ကနေ ကန့်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်ကျော်နဲ့ စခန်းမှူး အောင်မျိုးတို့က ကျပ်သိန်း ၅၀ လာဘ်ငွေ လက်ခံရယူကာ အမှုကို ဖျောက်ဖျက် ဖုံးဖိကာကွယ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo: DVB











