DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းစုဆောင်းသည့် အုပ်ချုပ်ရေးမှူးများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်
သုတချမ်းသာ
·
October 8, 2026
Photo: မတ္တရာ ပကဖ
Photo: မတ္တရာ ပကဖ
Donate to DVB

မန္တလေးတိုင်းမြောက်ပိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ စစ်မှုထမ်းဖို့ အကျပ်ကိုင် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတဲ့ စစ်အာဏာရှင်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ရေးပစ်မှတ်အဖြစ် တင်သွင်းသတ်မှတ်သွားမယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေကို ၂၀၂၅ နိုဝင်ဘာလကနေ ၂၀၂၆ ဇန်နဝါရီလအထိ အချိန် ၂ လကျော်အတွင်းမှာ စစ်အာဏာရှင်က ပြန်ထိန်းချုပ်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သာလွန်အင်အား အသုံးပြုတာတွေကြောင့် ယာယီဆုတ်ခွာခဲ့ရပေမဲ့ ပြောက်ကျားစနစ်နဲ့ ပြန်လည်ဖိအားပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်တွေကတော့ ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ ဒေသတွင်းကျေးရွာတွေမှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်မီးရှို့တာ၊ နာမည်အတိအကျနဲ့ လိုက်လံရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “မတ္တရာမြို့နယ်မှာတော့ မြို့နဲ့အနီးဆုံး ပတ်ခြာလည် ကျေးရွာတွေ၊ အုပ်စုတွေကိုတော့ ပေါ်တာဆွဲတာတွေ စစ်မှုထမ်းခိုင်းတာတွေ လုပ်တယ်။ တချို့ ရပ်ကျေးဥက္ကဋ္ဌတွေ၊ ရာအိမ်မှူးတွေကတော့ အုပ်စုဖွဲ့ပြီးတော့ စစ်မှုထမ်းကြေးတွေ တအိမ်ကို ၁၀,၀၀၀ နှုန်း လစဉ်ကောက်တယ်၊ မပေးနိုင်တဲ့အိမ်တွေကို ချိပ်ပိတ်မယ်၊ အိမ်တွေကိုလည်း ဖျက်သိမ်းမယ်၊ မြေကွက်တွေကိုလည်း သိမ်းပြီးတော့ ဘတ်ဖိုးတွေနဲ့ပါ ကုပ်လှန်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ လုပ်လာတာ ရှိပါတယ်။ စကစခန့် အုပ်ကြီးတွေလည်း ပြည်သူတွေအပေါ် အဲဒီလိုမျိုး မတရားသဖြင့် မလုပ်ဖို့ရယ်၊ လုပ်ခဲ့သည်ရှိသော် ကျနော်တို့ဘက်ကနေပြီးတော့ စစ်ရေးပစ်မှတ်အဖြစ် တင်သွင်းပြီးတော့ ရှင်းလင်းသွားမယ်ဆိုတာ ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

မန္တလေးတိုင်းမြောက်ပိုင်းမြို့နယ်တွေကို ပြန်ထိန်းချုပ်တာနဲ့ တပြိုင်တည်းမှာ သပိတ်ကျင်းမြို့နယ် တကောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ထီးချိုင့်မြို့အထိ စစ်အာဏာရှင်တပ်က ဖိအားပေး တိုက်ခိုက်ခဲ့ပြီး ၂၀၂၆ မတ်လကုန်ပိုင်းမှာ ထီးချိုင့်မြို့ကို ပြန်သိမ်းယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်အစပ်၊ တကောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲမှာရှိတဲ့ တကောင်းနီကယ်စီမံကိန်း အပါအဝင် တရုတ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီမံကိန်းတွေနဲ့ လုပ်ငန်းတွေကို ပြန်လည်ပတ်နိုင်ဖို့ စစ်အာဏာရှင်တပ်က ကြိုးစားခဲ့ပေမဲ့ အချိန် ၆ လနီးပါး ကြာတဲ့အထိ ပုံမှန် ပြန်မလည်ပတ်နိုင်သေးပါဘူး။

မန္တလေးတိုင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ထိစပ်မြို့နယ်တွေထဲက ပြည်သူတွေကို စစ်အာဏာရှင်က စည်းရုံးရေး ပြန်ဆင်းနေပြီး ဖျော်ဖြေရေးပွဲတွေ၊ လောင်းကစားဝိုင်းတွေနဲ့ ပြန်စည်ကားအောင် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်ဒေသခံတယောက်က “ထီးချိုင့်ဘက်ကလည်း မြစ်အရှေ့ဘက်ခြမ်း အကုန်လုံးက စစ်ကောင်စီက စိုးမိုးထားတယ်။ စစ်ရှောင်နေတာတော့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါတဲ့သူတွေလောက်ပဲ ရှောင်တာ။ သူတို့က စည်းရုံးရေးနဲ့လာတာ ဖြစ်တဲ့အတွက် လတ်တလောမှာတော့ ရိုက်နှက်တာတွေ၊ အိမ်တွေ မီးရှို့တာတွေ သတ်ပစ်တာတွေ မရှိဘူး။ ဘာတခု အခုသာသွားလဲ အရင်ကထက်ဆိုရင် သူက လောင်းကစားတွေနဲ့ ပြည်သူတွေထဲမှာ ချပေးထားတဲ့အခါကြတော့ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ၃၆ ကောင် အကုန်လုံးပဲ။ အဲဒီအခါကြတော့ တော်တော်များများကလည်း စီးပွားရေးကျပ်တည်းတဲ့အခါကြတော့ အချောင်ပဲ ပိုက်ဆံကို မျှော်လင့်ကြတာ များတယ်ပေါ့နော်။ ရနိုးပေါ့ လောဘပေါ့။ ဒီလောင်းကစားတွေနဲ့ပဲ ဆိုတော့ သူတို့ ပြည်သူနဲ့ပိုပြီး ရင်းနှီးတဲ့အနေအထား ရှိတယ်” လို့‌ ပြောပါတယ်။

စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်ကနေတဆင့် မန္တလေး-ဗန်းမော် လမ်းတလျှောက် ထိန်းချုပ်နိုင်ဖို့ စစ်ရေးဦးတည်ခဲ့ပေမဲ့ ကာကွယ်ရေးအဖွဲ့တွေက ထီးချိုင့်-ကသာ ကြားလမ်းပိုင်းနေရာတွေကို ပြန်စိုးမိုးထားတာကြောင့် ထင်သလို ခရီးမပေါက် ဖြစ်နေတာပါ။

မိုးတွင်းကာလမှာ မြေပြင် ထောက်ပို့လမ်း အဆင်မပြေတာကြောင့် စစ်အာဏာရှင်တပ်က ဧရာဝတီမြစ်ရိုးအတိုင်း အထက်ကိုဆန်ပြီး လက်နက်နဲ့ ရိက္ခာ ထောက်ပို့ခဲ့ပေမဲ့ စက်တင်ဘာလအတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး စစ်အာဏာရှင်ဘက်က ဆုံးရှုံးမှု များခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013