
လူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အားပေးနေတဲ့ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ပေးဖို့ Justice For Myanmar က ဖေဖော်ဝါရီ ၂၃ ရက်မှ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ပကနေ လေယာဉ်ဆီတင်သွင်းမှုမှာ ၂ ဆတိုးလာကြောင်းနဲ့ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျ အစိုးရတွေအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီပိတ်ဆို့ တားဆီးမှု ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တောင်းဆိုလိုက်တာပါ။
စစ်အုပ်စုနဲ့ လေယာဉ်ဆီ ဆက်လက်ကုန်သွယ်နေတာဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်ဖို့ အားဖြည့်ပေးနေတာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ကနေ ၂၀၂၅ ခုအတွင်း လေယာဉ်ဆီတင်သွင်းမှုမှာ မတ်ထရစ်တန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ ၂ ဆလောက် တိုးမြှင့်ခဲ့တာကို တွေ့ရှိတယ်လို့ Justice for Myanmar က ဆိုပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ Reuters တို့ရဲ့ သုတေသနတွေအရ လေယာဉ်ဆီတင်သွင်းမှုတွေမှာ အီရန် ဆက်နွှယ် “မှောင်ခိုသင်္ဘောကွန်ရက်” ပါဝင်ပတ်သက်နေတယ်လို့လည်း JFM က ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဒီသင်္ဘောတွေအပါအဝင် ပိုင်ရှင်တွေ၊ မန်နေဂျာတွေ၊ လေယာဉ်ဆီ သိုလှောင်ဆိပ်ကမ်းတွေနဲ့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ Myanma Petrochemical Enterprise (MPE) တို့ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဗီယက်နမ်မှ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်က မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေပြီး၊ ညှိနှိုင်းပေါင်းစပ်အရေးယူမှုတွေနဲ့သာ တားဆီးနိုင်မယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
လက်ရှိမှာတော့ ကနေဒါနိုင်ငံတနိုင်ငံသာ စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှုနဲ့ ဆက်စပ် ဝန်ဆောင်မှုတွေကို ပိတ်ပင်ထားပြီး တခြားနိုင်ငံတွေအနေနဲ့လည်း ချက်ချင်း လိုက်နာဆောင်ရွက်ကြဖို့ JFM က တိုက်တွန်းတောင်းဆိုထားပါတယ်။











