
ဂရိနိုင်ငံ ဂါလက်ဇီဒီ (Galaxidi) ကမ်းရိုးတန်းမြို့မှာ နှစ်စဉ်ကျင်းပနေကျ ရိုးရာ “ဂျုံစစ်ပွဲ” ကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆင်နွှဲခဲ့ကြပါတယ်။
ရာချီတဲ့ ပွဲတော်လာတွေဟာ အရောင်ဆိုးထားတဲ့ ဂျုံမှုန့် တန်ချီသုံးပြီး ပစ်ပေါက်ကစားခဲ့ကြတာပါ။
အေသင်မြို့ အနောက်ဘက် ကီလိုမီတာ ၂၀၀ လောက်မှာ ကျင်းပတဲ့ ဒီပွဲဟာ ကာနီဗယ်ရာသီ ကုန်ဆုံးတာကို အထိမ်းအမှတ်ပြုတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂရိသြသိုဒေါက် အီစတာပွဲတော် မတိုင်ခင် ရက် ၄၀ ကြာ ဥပုသ်ကာလ စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။
ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေဟာ ဂျုံမှုန့်တွေ မျက်လုံးထဲမဝင်အောင် မျက်မှန်တွေနဲ့ အကာအကွယ် ဝတ်စုံတွေကို ဝတ်ဆင်ထားကြပါတယ်။
ဒီရိုးရာပွဲတော်ဟာ ဂရိနိုင်ငံကို အော့တိုမန် အင်ပါယာ အုပ်ချုပ်ခဲ့တဲ့ ၁၉ ရာစုကတည်းက စတင်ခဲ့တာပါ။
အဲဒီခေတ်က ကာနီဗယ်ပွဲတော်တွေကို ပိတ်ပင်ထားပေမဲ့ ဒေသခံတွေက မျက်နှာမှာ ပြာတွေသုတ်ပြီး လမ်းတွေပေါ် ကခုန်ကာ ဆန့်ကျင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ ရိုးရာဓလေ့တခုပါ။ လူတွေလာကြ ပျော်ကြတဲ့ပွဲပေါ့” လို့ ပါဝင်ဆင်နွှဲသူ နီကို့စ် စထရာဘူရစ်က ပြောပါတယ်။
Source: Reuters










