
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့လိမ်းနဲ့ မဲ့တိုင် မြို့နယ်ရှိ ကျားစခန်း ၂ ခုမှာ ပြီးခဲ့တဲ့အပတ်က စတင်ပြီး ၁၀ ရက်အတွင်း ကျားအကောင်ရေ ၇၂ ကောင် သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မဲ့လိမ်းမြို့နယ် ပုဂ္ဂလိကပိုင် Tiger Kingdom ကျားစခန်းနဲ့ မဲ့တိုင်မြို့နယ် ကျားစခန်းက ကျားတွေဟာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၈ ရက်ထိ ၁၀ ရက်အတွင်း တစစနဲ့ ၇၂ ကောင် သေဆုံးသွားခဲ့ပါတယ်။
အဆိုးရွားဆုံးမှာ ဖေဖော်ဝါရီ ၁၂ ရက်က ၂၅ ကောင် သေဆုံးပြီး ဖေဖော်ဝါရီ ၁၃ ရက်က အကောင် ၂၀ သေဆုံးခဲ့ပါတယ်။
မဲ့လိမ်းကျားစခန်းမှာ မူလက စုစုပေါင်း ကျား ၅၄ ကောင်ရှိရာက ၂၁ ကောင် သေဆုံးပြီး ၃၃ ကောင်သာ ကျန်ရှိသလို မဲ့တိုင်ကျားစခန်းမှာလည်း မူလက ကျား ၁၄၆ ကောင်ရှိရာက ၅၁ ကောင် သေဆုံးသွားပြီး ၉၅ ကောင်သာ ကျန်ရှိပါတယ်။
အဆိုပါကျားတွေဟာ အစပိုင်းမှာ ငေးငိုင်မှိုင်တွေပြီး လှုပ်လှုပ်ရှားရှားမရှိ၊ အဲဒီနောက် အစာမစားဘဲ နေမကောင်းဖြစ်လာတယ်၊ ရက်ပိုင်းတွင်းမှာ တက်ပြီး သေဆုံးသွားတယ်လို့ ကျားစောင့်ရှောက်သူတွေက ပြောပါတယ်။
သေဆုံးကျားတွေကို ဓာတ်ခွဲစစ်ဆေးတာမှာ ခရိုင် တိရစ္ဆာန်ကုသရေးဌာနက ခွေးနဲ့ ကြောင်တွေမှာ စွဲကပ်ဖြစ်လေ့ရှိတဲ့ Micro plasma SPS ခေါ် ဘက်တီးရီးယားပိုး တွေ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တိရစ္ဆာန်ဆရာဝန်အသင်းဝင် ဒေါက်တာ ဝိဆစ်အား ဆိုင်ထမ်းကွန်းကတော့ Canine Distemper Virus (CDV) ခေါ် ဗိုင်းရပ်စ်ကြောင့်လို့ ဆိုပါတယ်။
ဒီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ သတ္တဝါတွေမှာ အဖျားကြီးတာ၊ ငေးမှိုင်နေတာ၊ အစာမကြေတာ၊ နှာခေါင်းနဲ့ မျက်လုံးမှ ပြည်ယိုတာ၊ ချောင်းဆိုးနှာစေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာ၊ အော့အန်တာ၊ နောက်ဆုံးမှာ ကြွက်သားအားနည်းတာနဲ့ တက်တတ်တာ၊ တပိုင်းသေတာ စတဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေ ပေါ်တတ်တယ်၊ ခွေးတုပ်ကွေးရောဂါ မဟုတ်ဘဲ ကူးစက်ခံရတဲ့ တိရစ္ဆာန်အသေကောင်တွေ စားသုံးမိလို့ သေဆုံးတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
သေဆုံးကျားတွေကို ဓာတ်ခွဲစစ်ဆေးလို့ရပေမဲ့ ဒီရောဂါပိုးတွေ ဘယ်ကနေ ဘယ်လို ကူးစက်လာသလဲ ဆိုတာတော့ အကြောင်းရင်း ရှာမရသေးပါဘူး။ ကျားစခန်း ၂ ခုမှာ ကီလိုမီတာ ၃၀ ကျော် ဝေးကွာပေမဲ့ နာမကျန်းလက္ခဏာတူညီနေတယ်။ သူတို့ကို ကျွေးတဲ့ ကြက်သားတွေကိုတော့ တနေရာတည်းက ဝယ်ယူတာရှိတယ်၊ ဒါပေမဲ့ ကြက်တွေမှာ ရောဂါမရှိဘူးလို့ ဆိုပါတယ်။
တဘက်မှာလည်း ကျားသေတွေမှာ အရေခွံရော၊ လက်သည်းတွေ၊ အရိုးတွေပါ တန်ဖိုးရှိတဲ့အတွက် သေဆုံးကျားတွေကို အကောင်လိုက် မီးရှို့ပစ်တာမဟုတ်ဘဲ အစိတ်အပိုင်းတွေ ထုတ်ယူတာလား၊ ဒါကြောင့် ရောဂါပိုးပြန့်ပွားတာလား ဆိုတဲ့ သံသယနဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျားမွေးမြူကုသရေးနဲ့ တာဝန်ရှိသူတွေကတော့ အဆိုပါကျားတွေကို နဂိုကတည်းက စည်းစနစ်ကျနစွာ မွေးမြူခဲ့တယ်၊ သေဆုံးကျားတွေကိုလည်း အစိတ်အပိုင်း ဖြတ်ယူတာ လုံးဝမရှိ၊ အားလုံးကို မီးရှို့သင်္ဂြိုဟ်ခဲ့တယ်၊ ဒီစွပ်စွဲချက်တွေက ကျားတွေကို ကုသပေးတဲ့ တိရစ္ဆာန် ဆရာဝန်တွေကိုပါ သိက္ခာကျဆင်းစေတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါကျားစခန်းတွေကို လည်ပတ်ကြည့်ရှုခွင့် ယာယီပိတ်ထားပါတယ်။ ကျားစောင့်ရှောက်တဲ့ ဝန်ထမ်းတွေမှာ နာမကျန်းမှုလက္ခဏာ တစုံတရာမတွေ့ရပေမဲ့ ပိုးသတ်ဆေး ပက်ဖျန်းတာ၊ ကျားစာ သန့်ရှင်းမှု ပိုမိုဂရုစိုက်တာနဲ့ အခြေအနေတွေ အနီးကပ် စောင့်ကြည့်နေတယ်လို့ တာ ဝန်ရှိသူတွေက ပြောပါတယ်။
Source: Thai PBS News / MGROnline










