
ဘောလုံးပွဲစဉ်တွေအတွင်း အချိန်ဆွဲတာနဲ့ ကစားကွက်တုံ့ဆိုင်းတာတွေကို လျှော့ချဖို့အတွက် ဒဏ်ရာကြောင့် ဆေးကုသမှုခံယူရတဲ့ ကစားသမားတွေကို ကွင်းပြင်မှာ တမိနစ်ကြာ နေထိုင်စေမဲ့ စည်းမျဉ်းသစ်တခုကို FIFA က အဆိုပြုလိုက်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာတော့ ဒဏ်ရာရကစားသမားတွေဟာ ၃၀ စက္ကန့်သာ ကွင်းပြင်မှာ နေရတာဖြစ်ပြီး၊ အခု FIFA ရဲ့ အဆိုပြုချက်ကိုတော့ လာမဲ့ စနေနေ့မှာပြုလုပ်မဲ့ နိုင်ငံတကာ ဘောလုံးစည်းမျဉ်းဆိုင်ရာ အဖွဲအစည်း (IFAB) နှစ်ပတ်လည် အစည်းအဝေးမှာ အတည်ပြုဖို့ ရှိနေပါတယ်။
ဒီစည်းမျဉ်းဟာ တမင်သက်သက် အချိန်ဆွဲနေတဲ့ ကစားသမားတွေကို ဟန့်တားနိုင်မှာဖြစ်ပေမဲ့ တကယ်တမ်း ဒဏ်ရာရတဲ့အသင်းတွေဘက်ကတော့ လူအင်အားမမျှဘဲ ဂိုးပေးလိုက်ရမှာကို စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် FIFA ဟာ တခြားစည်းမျဉ်းသစ်တွေဖြစ်တဲ့ ဂိုးကန်ဘော(Kick-offs)နဲ့ လက်ပစ်ဘောတွေမှာ အချိန်သတ်မှတ်ချက်ထားရှိဖို၊ လူစားလဲရာမှာ ၁၀ စက္ကန့်အတွင်း ကွင်းပြင်မထွက်ပါက မိမိအသင်းက တမိနစ်ခန့် လူလျော့ကစားရမဲ့ စည်းမျဉ်းတွေကိုပါ ထည့်သွင်းစဉ်းစားနေပါတယ်။
ဒိုင်လူကြီးတွေရဲ့ ဒုတိယ အဝါကတ်အမှားတွေကို VAR နဲ့ ပြန်ကြည့်နိုင်မဲ့ အစီအစဉ်ကိုလည်း အတည်ပြုနိုင်ဖွယ်ရှိနေပါတယ်။
Photo: Reuters










