
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်-ဒါးက လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပြ ခြိမ်းခြောက်ပြီး ငွေကြေးအပါအဝင် တန်ဖိုးရှိ ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်ရဲစခန်းက ရဲတပ်ကြပ်ကျော်ဇေယျအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ပထမအပတ်က စတင်ပြီး လမ်းပေါ်မှာ မောင်းလာတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို တားဆီး ငွေတောင်းယူနေတာဖြစ်ပြီး တောင်းတဲ့ငွေ မပေးပါက တန်ဖိုးရှိ ဝတ်ဆင်လာတဲ့ ရွှေထည်ပစ္စည်းတွေ အပါအဝင် အရပ်သားတွေရဲ့ ပစ္စည်းတွေကိုပါ လုယက် ယူဆောင်နေတာလို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်က ဒေသခံအရပ်သားတယောက်က “ရဲတွေက ဓားပြတိုက်တာနဲ့အတူတူပဲ၊ တောင်းတဲ့ငွေ မပေးရင် ပစ်သတ်မယ်ဆို၊ စစ်မှုထမ်းထဲ ထည့်လိုက်မယ်ဆိုပြီး ငွေညှစ်နေတာ။ ပိုက်ဆံက လောလောဆယ် မပါသေးဘူး၊ နည်းနည်းပါးပါးလောက်ပဲ ပါလာတယ်လို့ ပြောလည်း မရဘူး။ ဝတ်ထားတဲ့ နာရီတွေ၊ လက်စွပ်တွေကအစ သိမ်းယူတာ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လူငယ်အရပ်သားတွေကို အဓိက ပစ်မှတ်ထားပြီး ငွေညှစ်နေသလို မပေးနိုင်ကြောင်း ငြင်းဆန်ပါက သေနတ်ပစ်ဖောက် ခြိမ်းခြောက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အာဏာရှိတယ်ဆိုပြီး ပြည်သူတွေဆီကငွေကို အမျိုးမျိုး လုပ်ယူနေတာ။ ဥပဒေနဲ့မညီတာကြောင့် ဒဏ်ရိုက်တဲ့အဆင့် ကျော်နေပြီ။ တောင်းတဲ့ငွေ မပေးရင် ဖမ်းထားပြီး ငွေကို သိန်း ၂၀ လောက် အနည်းဆုံး တောင်းတာ။ လက်နက်အားကိုးနဲ့ ပေါ်တင် ဓားပြတိုက်နေတာ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၂ ရက်အထိ စစ်ကောင်စီရဲ့ ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ဦးဆောင်တဲ့အဖွဲ့က တောင်းတဲ့ငွေ မပေးနိုင်တဲ့ အရပ်သားလူငယ် ၇ ယောက်လောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန်ကြီးထောင့်မြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ကျော်ဇေယျအောင်နဲ့ အဖွဲ့က အရပ်သား ၁၄ ယောက်ထက် မနည်းဆီကနေ ရွှေထည်တွေနဲ့ ငွေတွေ လုယက်ယူဆောင်ထားတယ်လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။











