
ပိုလန်နိုင်ငံမှာ ၄ ရက်အတွင်း ဓားနဲ့ထိုးနှက်တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ခဲ့ပြီး အလားတူ အကြမ်းဖက်မှုမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
ပိုလန်ဝန်ကြီးချုပ်က တင်းမာမှုတွေ လျော့ပါးစေဖို့ ကျောင်းတွေမှာ ရဲတပ်ဖွဲ့ဝင် အများအပြားကို တာဝန်ချထားခဲ့တယ်လို့ အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုတွေက အွန်လိုင်းစိန်ခေါ်မှုတခု ဒါမှမဟုတ် စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တခုခုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အင်တာနက်ပေါ်က တချို့နေရာတွေမှာ အကြမ်းဖက်မှုကို အားပေးမြှောက်စားနေတာက လူငယ်တွေအပေါ် ထိခိုက်စေတယ်လို့ အစိုးရက ပြောခဲ့ပြီး အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ ပိုလွယ်စေမဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
အရင် ၂ ရက်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ‘သွေးစွန်းတဲ့ သောကြာနေ့’ နာမည်နဲ့ ဓားနဲ့ ထိုးနှက်တိုက်ခိုက်တာတွေ ထပ်ဖြစ်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ချိန်မှာ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်မှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးကြီးကို စတင်ခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး မာချင် ကီယာဝင်စကီးက တနင်္လာနေ့မှာ ကျောင်းတွေမှာ ရဲတပ်ဖွဲ့ဝင် ၂၀,၀၀၀ လောက်ကို တာဝန်ချထားခဲ့တယ်လို့ ပြောခဲ့ပြီး ဒီအရေအတွက်က ပိုလန်နိုင်ငံရဲ့ ရဲတပ်ဖွဲ့အင်အားစု တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှနေပါတယ်။ စုစုပေါင်း လူ ၁၃၅ ယောက်ကို ဖမ်းဆီးထားတယ်လို့လည်း ကီယာဝင်စကီးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် စိတ်အားထက်သန်ပြီး အွန်လိုင်းမှာ ဟာသလုပ်ရပ်တွေ ဖန်တီးရင်း အာရုံစိုက်ခံချင်သူ လူငယ်တွေ ဖြစ်ကြပြီး တချို့က ကွန်ပျူတာဂိမ်းတွေ ဒါမှမဟုတ် နာဇီဝါဒဆိုင်ရာ ယဉ်ကျေးမှုတွေကြောင့် လှုံ့ဆော်ခံရသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ မယ်ရက်ခ် ဘိုရွန်က ပြောပါတယ်။
Source: Reuters











